ဗုဒ္ဓနေ့ပွဲတော်နှင့် ပါရမီကျင့်စဉ်များ
“ကဆုန်လပြည့် - ဗုဒ္ဓနေ့’’ ပွဲတော်ကို မြန်မာနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ‘’ဗုဒ္ဓနေ့’’ ဆိုသည့်အတိုင်း ဤ’’ကဆုန်လပြည့်နေ့’’သည် ဘုရားအလောင်း ဗျာဒိတ်ခံယူသော နေ့လည်းဖြစ်၏။ ဖွားမြင်သော နေ့ လည်းဖြစ်၏။ သစ္စာဉာဏ်ပွင့်၍ ဘုရားအဖြစ်သို့ရောက်သောနေ့လည်းဖြစ်၏။ ထို့ပြင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်ခဲ့သောနေ့လည်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များနှင့် ဆက်နွယ်နေသော ဤနေ့ကို မမေ့ထိုက်၊ မမေ့သင့်ကြပေ။ ပရိနိဗ္ဗာန်စံဝင်ရလေသော မြတ်ဗုဒ္ဓကို သတိမူ နှလုံးသွင်းလျက် ‘’ဓမ္မသံဝေဂ’’ပွားနိုင်သလို ‘’မြတ်ဗုဒ္ဓအဖြစ်’’သို့ ရောက်အောင် အားထုတ်တော်မူခဲ့ပုံများကိုလည်း အားကျ အတုယူထိုက်လှပေတော့သည်။
“ဒီပင်္ကရာ ဘုရားရှင်’’ကို ပင့်ဖိတ်ထားသဖြင့် ‘’ရမ္မာနေပြည်တော်သား’’တို့သည် လမ်းကို ပြင်နေကြသည်။ ‘သုမေဓာ ရှင်ရသေ့’သည်လည်း အကြောင်းစုံ မေးမြန်း၍ သိရသောအခါ လမ်းပြင်လိုကြောင်း ခွင့်တောင်း လေ၏။ တန်ခိုးရှင်မှန်းသိသဖြင့် ရွှံ့ညွန်ရှိ၍ အပြုအပြင်ခက်သော နေရာကို ပေးလိုက်ကြ၏။ ရှင်ရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျင် လွယ်ကူစွာ ပြီးနိုင်သော်လည်း မိမိကိုယ်ဖြင့် အပင်ပန်းခံ၍ ပြုမှ သာ၍ အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ ဗွက်ကို ဖို့လေ၏။ မပြီးတတ်သေးမီ အချိန် ကလေးမှာပင် ဘုရားရှင်ကြွရောက်တော်မူလာ၏။ ထိုအခါရှင်ရသေ့သည် ဘုရားရှင်၏ ကျက်သရေတော်ကို ဖူးမြှော်ရ၍ လွန်စွာဝမ်းမြောက်လှသဖြင့် မပြီးသေးသော ရွှံ့ညွန် အပြင်ဝယ် ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန္တာအပေါင်းတို့ မိမိကိုယ်ပေါ်၌ နင်း၍ ကြွတော်မူရန် တံတားအသွင်ခင်းလျက် ၀ပ်စင်းနေလေသည်။
ဘုရားရှင်ကို ဖူးမြှော်ကန်တော့ရန် ထွက်လာကြသော အမျိုးသမီးများတွင် ‘သုမိတ္တာ’ ဆိုသည့် အမျိုးသမီး လေးသည် ရှင်ရသေ့ကို မြင်လျင် မြင်ချင်း ရှေးရေစက် မကင်းသည့်အတွက် ထူးခြားသော မေတ္တာစနက်ဖြင့် သွယ်ဆက်မိလေသည်။ ထို့်ကြောင့် မိမိ၌ပါလာသော ကြာပန်းရှစ်စည်းအနက် မိမိပူဇော်ရန် သုံးစည်း ချန်ထား၍ အလောင်းတော်ရသေ့အား ကြာငါးစည်းကို ဆက်ကမ်းလိုက်လေသည်။ ရှင်ရသေ့သည် ကြာပန်းငါးစည်းကို ဘုရားရှင်အား ကပ်လှူ၍ ဘုရားဆု ပန်တော်မူလေသည်။
အမျိုးသမီးငယ်လည်း -
‘’သံသာလေ ကမ်းတိုင်
တူပြိုင်လေကူးမယ် ပ
ဆုထူးငယ်ပန်ရွယ်သွန်း၊
ချစ်လို့ရယ် မကုန်
ဝသုန်ဤမြေ
သိကြားစေ သက်သေညွှန်း’’ ဆိုသည့် ‘’ချစ်သမျှကို’’ ပတ်ပျိုး အတိုင်းပင် ရှင်ရသေ့အပေါ် ချစ်စပျိုး ကာ ‘ဘ၀ကြင်ဖော်’အဖြစ် ထာဝရလက်တွဲရန် ‘ချစ်ဆု’ ကို ပန်လိုက်လေသည်။
ဒီပင်္ကရာ ဘုရားရှင်သည် ရသေ့ငယ်၏ ဦးခေါင်းရင်း၌ ရပ်တန့်တော်မူပြီးလျှင် ‘’မိမိကိုယ်ကို တံတားခင်း လျက် ထက်မြက်သော အကျင့်ဖြင့် တင့်တယ်သော ဤရသေ့ကို ကြည့်ရှုကြလော့၊ ဤရသေသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းလွန်သောအခါ ငါဘုရားကဲ့သို့ ဂေါတမဗုဒ္ဓ ဟူသော အမည်ဖြင့် ဘုရားတဆူ ဖြစ်လိမ့်မည်။ ဤရသေ့နှင့်အတူ ကြာပန်းပူဇော်သူ အမျိုးသမီးကား ပါရမီကို ကူညီဖြည့်ဘက် အသက်ပမာ ကြင်ရာတော်ဖြစ်လိမ့်မည်၊’’ ဟု ဘုရားတံဆိပ် ဗျာဒိတ်တော်မြတ်ကို ခပ်နှိပ်တော်မူပြီးလျှင် ကြာပန်း ရှစ်စည်းဖြင့် ရသေ့အပေါ်ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွသွားတော်မူသည်။
ဗျာဒိတ်တော် ပွဲသို့ ရောက်လာကြသူ အားလုံးပင် ရှင်ရသေ့အား ကောင်းချီးပေးကြ၏။ အလောင်းတော် သည် ဗျာဒိတ်ရပြီးနောက် ညွန်ပြောင်းမှ ထတော်မူ၍ လေးလေးနက်နက် စဉ်းစားဆင်ခြင်မိလေသည်။ သတ္တ၀ါအများ ကယ်တင်ဖို့ရာ လွန်စွာမြင့်မြတ်သော ဘုရားအဖြစ်သည် သာမန်ကောင်းမှုပါရမီဖြင့် ပြည့်နိုင် သော အဖြစ်မျိုးမဟုတ်၊ ဘုရားဖြစ်မည် ဆိုရုံမျှဖြင့် ငါသည်ကျေနပ်မနေထိုက်၊ ဤသို့ ဆင်ခြင်ကာ အောက်ပါ ဘုရားဖြစ်ကြောင်း ကောင်းမြတ်သော ပါရမီကျင့်စဉ်ဆယ်ရပ်ကို ဆောင်ရွက်အားထုတ်သွားရန် ချမှတ်လိုက်ပါသည်။
၁။ ဒါနပါရမီ
သတ္တ၀ါအပေါင်းကို ပိုင်နင်း အုပ်စိုး လွှမ်းမိုး ဆုံးမလိုလျှင် စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု၌ အထူးရက်ရောမှ သင့်တော်၏။ ပေးကမ်းမှုသည် မယဉ်ကျေးသူကိုပင် ယဉ်ကျေးစေနိုင်၏။ ရန်သူပင်ဖြစ်သော်လည်း ထိုက် တန်သော ၀တ္ထုကိုပေးလျှင် မိမိအလိုသို့ပါလာတတ်၏။ ပေးကမ်းမှု တခုဖြင့် များစွာသော အကျိုးကို ပြီးစေ နိုင်၏။ အားရ ပါးရ ပေးကမ်းစွန့်ကြဲနေရခြင်းသည် အလွန်ပျော်စရာကောင်း၏။ ပေးသူကလည်း အားရ၊ ရသူကလည်း ရွှင်ပျသဖြင့် ဤဘ၀၌ အရှိန်အ၀ါ သြဇာအာဏာတိုးတက်လျက် ဂုဏ်သတင်း ပျံ့နှံ့ဘို့ အချက်မှာ ပေးကမ်းမှုထက် သာသော အရာမရှိချေ။
အူမတောင့်မှ သီလစောင့်နိုင်သည် ဟု ပြောဆိုရိုးအတိုင်း ဒါနမရှိလျှင် သီလပါရမီကိုလုံခြုံအောင် စောင့်ဘို့ ခဲယဉ်း၏။ ပညာပါရမီ ဖြည့်ဖို့ရာ လုံလောက်သော အထက်တန်းပညာကို ရှာလျှင်လည်း ဒါနချို့ငဲ့ ပစ္စည်းမဲ့ သူမှာ တော်ရာက မျှော်ရှာရသည်။ ပစ္စည်းမရှိလျှင် သူတပါးက ရိုးရိုးသားသား ပြောသည်ကိုပင် အလွဲထင် လျက် မခံချင်တတ်သဖြင့် ခန္တီပါရမီ ဖြည့်ဖို့ရန် အနှောက်အယှက်များလှ၏။ ဥစ္စာမရှိ - ကတိမတည် ဆိုသည့် အတိုင်း ကတိသစ္စာ ခေါ်သော သစ္စာပါရမီ ဖြည့်ဖို့အရေးမှာ သာ၍ ဝေးလေတော့၏။ မိမိက အောက်ကျ နောက်ကျဖြစ်နေပြန်လျှင်လည်း ကိုယ့်ထက်သာ မနာလိုတတ်သည့်အတိုင်း တွေ့သမျှအပေါ်မှာ မေတ္တာ ပါရမီရောက်ဖို့ ခဲယဉ်းပြန်၏။ ထိုကြောင့် ဒါနပါရမီသည် ပါရမီအားလုံး၏ အခြေခံ ဟု ဆိုထိုက်ရကား အလောင်းတော် ရှင်ရသေ့သည် ဖြည့်ကျင့်ဖွယ်အများတွင် ဤဒါနပါရမီကို ပထမမြင်တော်မူသည်။
၂။ သီလ ပါရမီ
မည်သူမဆို ကောင်းသော သုဂတိဘ၀သို့ ရောက်ဖို့်အတွက် သီလကိုသာ အားထားရ၏။ ဒါနအဆောက် အဦက မည်မျှကြီးကျယ်နေသော်လည်း သီလမလုံခြုံလျှင် အပါယ်လေးဘုံက တက်နိုင်ဖွယ် မရှိချေ။ သီလအတွက် ဂတိကောင်းသို့ ရောက်ပြီးမှ ဒါနက စည်းစိမ်ဥစ္စာကို ကြွယ်ဝချမ်းသာစေသည်။ ထို့ကြောင့် မြင့်မြတ်လိုသူမှန်လျှင် ဤသီလပါရမီကိုလည်း အရေးတကြီး အားထုတ်ရမည်ဖြစ်သောကြောင့် ဒါန၏ အခြားမဲ့၌ ‘’သီလပါရမီ’’ကို ဆက်မြင်တော်မူကာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို ကောင်းစွာ စောင့်သုံး လျက် လုံခြုံသော ကိုယ်ကျင့် သီလဖြင့် နေထိုင်ဖို့်ရာ ဆုံးဖြတ်တော်မူသည်။
၃။ နေက္ခမ္မပါရမီ
လောကီအာရုံ ကာမဂုဏ်ထူထပ်သော လူတို့၏ အရပ်၌ အလွန်မြင့်မြတ်သော အထက်တန်းတရားကို မရနိုင်။ ‘’လူသူမခို မြိုင်ညို စိမ့်စမ်း တောတောင်တန်း၌ ပန်းရနံ့ တကြူကြူနှင့် သမာဓိကို မွေးမြူပြီးလျှင်’’ ဖြူစင်သော သီလဖြင့် တကယ်တန်းအားထုတ်မှ အထက်တန်းတရားကို ရနိုင်၏။ ထို့ကြောင့် ‘’နေက္ခမ္မ’’ ဟု တောထွက်မှုကိုလည်း ဂရုတစိုက် ပြုကျင့်ထိုက်သည် ဟု ဆုံးဖြတ်တော်မူသည်။
၎။ ပညာပါရမီ
အသိအလိမ္မာ ပညာဉာဏ်ရှိမှသာ ဒါန သီလ စသော ပါရမီများ၏ အကျိုးကို သိမြင်၍ ဖြည့်ကျင့်လိုသော စိတ်များ ဖြစ်ပေါ်နိုင်ပေမည်။ ‘ပညာရဲရင့် - ပွဲလယ်တင့်’ ဆိုသည့်အတိုင်း တကယ့် ပညာရှိသူတို့အလယ်မှာ တကယ်ပညာရှိသူသာ တင့်တယ်နိုင်သည်။ ဗူးလုံးနားမထွင်း အဖျင်းအ အ၊ ပညာပိုင်းက နောက်ကျနေ လျှင် စည်းစိမ်ရှင်ပင်ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှန်းနိုင်။ ကမ္ဘာကို လွှမ်းမိုးအုပ်စိုးနိုင်သော သတ္တိမှာ ဉာဏ်ပညာသာတည်း။
မြေလျှိုး မိုးပျံနိုင်သော ဈာန်အဘိညာဉ်ဟူသည်လည်း ဤဉာဏ်ပင်ဖြစ်၏။ တသံသရာလုံးက ပါလာသော ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေနိုင်သော တရားဟူသည်လည်း ‘မဂ်ပညာ၊ ဖိုလ်ပညာ’ပင်ဖြစ်၏။ အချုပ်အားဖြင့် ဘုရားအဖြစ်ဟူသည်မှာ သဗ္ဗညုတ ဉာဏ်ပညာတော်ကြီး ပင်ဖြစ်၏။ ထို့ကြောင့် ရှင်ရသေ့ သည် ဤပညာပါရမီကိုလည်း လေးကြိမ်မြောက် မြင်တော်မူ၍ ကောင်းစွာ ဖြည့်ကျင့်ရန် ဆုံးဖြတ်တော်မူပြန် သည်။
၅။ ၀ီရိယပါရမီ
ပညာက မည်မျှလောက်ပင် ရှိနေသော်လည်း လုံ့လ ၀ီရိယ ကင်းမဲ့ပြန်လျှင် စိတ်ကူးနေရုံမျှဖြင့် မည်သည့်အကျိုးကိုမှ ရလိမ့်မည် မဟုတ်ပါ။ ယခင်က ပညာတို့သည် ၀ီရိယ အဖော်ကောင်းမှသာ လိုရာ အကျိုးကို ပြီးစေနိုင်ပါသည်။ အထက်တန်းရောက်သူ ဟူသမျှ ၀ီရိယကင်းသည့် အပျင်းသမား အပြောသမား မဟုတ်ကြချေ။ ထို့ကြောင့် ပညာနှင့်အတူ ၀ီရိယပါရမီကိုလည်း ဖြည့်ကျင့်တော်မူဖို့်ရန် ငါးကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
၆။ ခန္တီပါရမီ
မြင့်မြတ်သော အထက်တန်းကို ရည်မှန်းသော ပုဂ္ဂိုလ်သည် ဆန့်ကျင်ဘက် ရန်သူနှင့် မတွေ့နိုင်ဟု မမှတ် သင့်။ ကိုယ့်ထက်သာလျှင် မနာလိုလေ့ရှိသော ဤသံသရာကြီးထဲဝယ် သာ၍ပင် တွေ့ကြုံတတ်သေး၏ မိမိ၏ ဆန့်ကျင်ဘက်များကို တုပြိုင်နေပြန်လျှင်လည်း ခရီးတွင်မည်မဟုတ်ပါ။ မိမိကို မနာလိုသူ ဟူသမျှ ရန်သူဟု သဘောမထားဘဲ ခန္တီပါရမီပြည့်အောင် တဘက်တလမ်းက ကူညီနေသူဟုသာ သဘောထားလျှင် အလွန်စိတ်သက်သာပါသည်။ ထို့ကြောင့် ခန္တီပါရမီကိုလည်း ဖြည့်ကျင့်ဖို့ရန် ခြောက်ကြိမ်မြောက်ဆုံးဖြတ် တော်မူပြန်သည်။
၇။ သစ္စာပါရမီ
ဤလောက၀ယ် သစ္စာမရှိသူလောက် ကြောက်စရာ ကောင်းသူမရှိပါ။ ‘’လူယုံသတ် - သေတတ်’’ ဟူသော စကားသည် သစ္စာမတည်သူများကို စွဲ၍ဖြစ်လာသောစကားတည်း။ သစ္စာမရှိသူသည် မည့်သည့်အခါမျှ အထက်တန်းသို့ မရောက်နိုင်။ သစ္စာတရားသည် အလွန်အစွမ်းထက်မြက်၏။ ‘’လောင်လာသောမီး၊ တိုးလာသောရေ၊ တက်လာသော အဆိပ်’’ကိုပင် သစ္စာစကားဖြင့် လျောကျစေနိုင်၊ ရပ်တန့်စေနိုင်သည်။ တကယ်မြင့်မြတ်သူမှန်လျှင် ဧကန်သစ္စာရှိထိုက်ရကား သစ္စာပါရမီဖြည့်ရန်ကိုလည်း ခုနစ်ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
၈။ အဓိဋ္ဌာနပါရမီ
မြင့်မြတ်သော အကျိုးကို မျှော်ကိုးသူသည် တော်တော်တန်တန်နှင့် စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်း နှင့် အားထုတ်ရ၏။ ထိုသို့ အားထုတ်မှသာ ထိထိရောက်ရောက်ပြီးမြောက်နိုင်၏။ ထို့ကြောင့် ကုသိုလ် ကောင်းမှု၌ ဇွဲကောင်းဖို့်ရန် အဓိဋ္ဌာန် ပါရမီကိုလည်း ရှစ်ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
၉။ မေတ္တာပါရမီ
မြင့်မြတ်သော အဖြစ်ကို ရလိုပါလျှင် သတ္တ၀ါတိုင်းအပေါ်၌ မေတ္တာကင်းမဲ့၍ မတော်ပါ။ အချို့အပေါ်မှာ အကျိုးလိုလား မေတ္တာပွားလျက် အချို့အတွက်မှာ မေတ္တာကင်းပြီးလျှင် ကွက်တာ ကွက်ကျား မေတ္တာပွားသူကို မြင့်မြတ်သူဟု မဆိုထိုက်ပါ။ ထို့ကြောင့် အားလုံးသော သတ္တ၀ါတို့၏ အကျိုးကို အညီအမျှ လိုလားသော မေတ္တာပါရမီကိုလည်း ကြိုးစား ဖြည့်ကျင့်ဖို့ရန် ကိုးကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
၁၀။ ဥပေက္ခာပါရမီ
မြင့်မြတ်သော တရားထူးကို ကြိုးစား၍ ရှာဖွေသူသည် မိမိကို ဂရုစိုက်ကာ အရေးပါနေသူများ အတွက် နောက်ဆံတင်းလျက် မခွာရက်အောင် ဗျာပါရ များနေ၍လည်းမဖြစ်။ မလိုမုန်းထားသူများကိုလည်း ဂရု တစိုက် အရေးမယူထိုက်။ ပန်းနံ့သာ တင်သ၍ နေသော်လည်းဝမ်းမသာ၊ မစင် ဘင်ပုပ် စွန့်ချသွား သည်ကို လည်း အရေးမကြီးသော မဟာပထ၀ီမြေကြီးကဲ့သို့ မုန်းချစ်မပြုလျစ်လျူ ရှုနိုင်ရပေသည်။ ထို့ကြောင့် ဥပေက္ခာပါရမီကိုလည်း အခါအားလျော်စွာ ဖြင့်ကျင့်ဖို့ရန် ဆယ်ကြိမ်မြောက် ဆုံးဖြတ်တော် မူပြန်သည်။
အလောင်းတော်သည် ဤကောင်းမြတ်သော ပါရမီကျင့်စဉ် ဆယ်ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့လေသော ကြောင့် မဟာသက္ကရာဇ် ၆၈ - ခု၊ ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်၏ အနီးအောက်၌ ‘’ဂေါတမဗုဒ္ဓ’’ အဖြစ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။ မြင့်မြတ်သော ရည်မှန်းချက်ဖြင့် ကောင်းမြတ်သော ပါရမီ ကျင့်စဉ်များ ချမှတ်လျက် ပန်းတိုင်အရောက်ကြွလှမ်းတော်မူခဲ့သော မြတ်ဗုဒ္ဓကို ကြည်ညိုသဒ္ဓါပွါး အားကျ အတုယူစေနိုင်ရန် ‘’ကဆုန်လပြည် - ဗုဒ္ဓနေ့’’ ပွဲတော်ကို ကျင်းပကြခြင်းလည်းဖြစ်ပါသည်။
ပါရမီဟူသည် မြင့်မြတ်သူတို့၏ လုပ်ငန်းကို ခေါ်ပါသည်။ မြင့်မြတ်သူတို့၏ ကျင့်စဉ် ဟုလည်း ခေါ်နိုင်ပါ၏။ မြတ်ဗုဒ္ဓ၏ မြင့်မြတ်သော လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ကြပါရန် ဗုဒ္ဓနေ့ ပွဲတော်တွင် တိုက်တွန်း ပြန်ကြားလိုက်ရပေသတည်း။

