အပါယ်တံခါး မှားမဖွင့်စေချင်…..

မြတ်စွာဘုရားသည် ဝေနေယျသတ္တဝါအပေါင်းကို ကြီးမားသော မဟာဂရုဏာတော်မြတ်ဖြင့် သံသရာဝဋ်ဆင်းရဲမှ ကင်းဝေးစေခြင်း အလို့ငှာ လေးသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်လျက် ဘုရားအဖြစ်ကို ရယူတော်မူခဲ့ပါသည်။ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝိရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ နှင့် ဥပေက္ခာပါရမီ ဟူသော ပါရမီဆယ်ပါးကို ဘဝအဆက်ဆက် အကြိမ်ကြိမ် အလီလီ ဖြည့်ကျင့်လျက် သတ္တဝါများ၏ အကျိုးကို အနစ်နာခံ ဆောင်ရွက်တော်မူခဲ့ပါသည်။ ထို့ပြင် ဥစ္စာပစ္စည်း၊ သမီးနှင့်သား၊ ဇနီးမယား၊ အင်္ဂါကြီးငယ်နှင့် အသက်ကို စွန့်ခြင်းတည်းဟူသော စွန့်ခြင်းကြီး ငါးပါး၊ သတ္တဝါအပေါင်း၊ ဆွေမျိုးအပေါင်းနှင့် ဘုရားအဖြစ်၏ အကျိုးငှာ ဖြည့်ကျင့်တော်မူသော စရိယသုံးပါး၊ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ် တည်းဟူသော မာရ်ငါးပါး၊ စသည်တို့ကို အောင်မြင်တော်မူခဲ့သော၊ ဘုရားဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော် မူခဲ့သော၊ လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့၏ ဆရာတဆူ ရှေ့ဆောင်လမ်းပြ ဖြစ်တော်မူခဲ့ပါသည်။ ဤမျှ ကြီးမားလှသော ဂုဏ်နှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား၏ တရားစစ်တရားမှန်ကို အခြေခံမှစ၍ တဆင့်ပြီး တဆင့် လေ့လာဖတ်ရှုမှသာလျှင် နောက်ဆုံးကျင့်ကြံအားထုတ်မှုအထိ လမ်းမချော် လမ်းမလွဲစေပဲ ပြီးမြောက်စေမည်ဖြစ်ပါသည်။ သို့တည်းမဟုတ် ဖြတ်လမ်းနည်းဖြင့် ကိုယ်တွေ့သည်သာ အဓိကဟု သတ်မှတ်ကာ အလောတကြီး ကျင့်ကြံ အားထုတ်မည်ဆိုပါက အလွဲလွဲ အချော်ချော်ဖြင့် လမ်းမှားရောက်စေနိုင်ပါသည်။ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ.. ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓဘာသာ၏အခြေခံကိုမျှ နားလည်ခြင်းမရှိတော့ပဲ ကိုးကွယ်မှုအရောရော အထွေးထွေး၊ နားလည်မှု ယောင်ဝါးဝါး၊ ယုံကြည်မှုလွဲမှားစွာနှင့် ကျင့်ကြံမှု အမှားမှား အယွင်းယွင်း ဖြစ်နေကြပါသည်။ စာပေဗဟုသုတ အားနည်းခြင်းနှင့်အတူ၊ ဆရာကောင်းတို့၏ လမ်းညွှန်မှုမရှိခြင်းတို့ကြောင့် ဟိုလူပြောလဲ ဟုတ်နိုးနိုး သည်လူပြောလဲ ကောင်းနိုးနိုးဖြစ်နေကြကာ ကိုယ်ပိုင်အသိဥာဏ်ဖြင့် ဆုံးဖြတ်နိုင်စွမ်း အားနည်းနေကြပါသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ…. မိမိတို့ကိုယ်ကို မိမိတို့ ဗုဒ္ဓဘာသာဝင်ပါဟု သတ်မှတ်သူတိုင်းသည် မြတ်စွာဘုရားနှင့်တကွ မြတ်စွာဘုရား၏ တရားဒေသနာတော်၊ မြတ်ဗုဒ္ဓ၏ သာသနာအဆုံးအမနှင့် ဝိနည်းစည်းကမ်းကို တသွေမတိမ်း လိုက်နာနေသော တပည့်သား သံဃာတော်များကိုပါ ခြွင်းချက်မရှိ သံသယကင်းစွာ ယုံကြည်ဖို့ လိုအပ်ပါသည်။ ကာလာမသုတ်နှင့် အယောင်ဆောင် ဗုဒ္ဓဘာသာဝင်များ၏ ဆင်ခြေများ…. မြတ်စွာဘုရား ဟောကြားခဲ့သော ကာလာမသုတ္တန် ဒေသနာတော်သည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို ယုံကြည်လေးစားစွာ ခြွင်းချက်မရှိ လိုက်နာနေသော စစ်မှန်သော ဗုဒ္ဓဘာသာဝင်များအား ဟောကြားခဲ့ခြင်း မဟုတ်ပေ။ အယူဝါဒ အမျိုးမျိုးတို့ဖြင့် ဝိဝါဒကွဲပြား ငြင်းခုံနေကြသော ကာလာမပုဏ္ဏားများအား ဟောကြားခဲ့သော တရားများဖြစ်ပါသည်။ ထိုအချိန်က ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလဖြစ်ပြီး တခြားသော အယူဝါဒရေးရာ စာပေများ၏ ကွဲပြားမှုကို ငြင်းခုံနေကြသောကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ကြဖို့ ဟောကြားသော တရားဖြစ်ပါသည်။ သို့ရာတွင် ယနေ့ခေတ်ကာလတွင် မြတ်ဗုဒ္ဓဟောကြားခဲ့သော ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အပြင် အဋ္ဌကထာ၊ ဋီကာများ အပြည့်အစုံရှိနေပါသည်။ ထိုတရားများတွင် လူ့လောကအတွင်း နေထိုင်နေကြသော လူသားတို့အား ၃၈ဖြာ မင်္ဂလာတရားအစမှသည် သေခြင်းတရားတို့ပြီးဆုံးရာ မြတ်နိဗ္ဗာန်တိုင်အောင် ဟောကြားထားသော တရားများ ပါဝင်ပါသည်။ လောကီကောင်းကျိုး အဖြာဖြာအတွက်သာမက လောကုတ္တရာကောင်းကျိုးအတွက်ပါ ဒါန၏အကျိုး၊ ဒါနမရှိခြင်း၏အပြစ်၊ သီလ၏ကောင်းခြင်း၊ သီလမရှိခြင်း၏ ဆိုးခြင်း၊ ဘာဝနာမှန်ကန်စွာဆောက်တည်ခြင်း၊ မှားယွင်းခြင်း၏အကျင့် စသည်တို့ကို ပြည့်စုံစွာ ဟောကြားတော်မူခဲ့ပါသည်။ သို့ရာတွင် ဤမျှ ပြည့်စုံအောင် ဟောကြားထားသော်လည်း မြတ်ဗုဒ္ဓ၏ ကျင့်စဉ်လမ်းမှန်ကို ပြင်ဆင်ဖြည့်စွက် ပြုပြင်လိုသူများ အများအပြား ပေါ်ပေါက်လာပါသည်။ မြတ်စွာဘုရား၏ ကျင့်စဉ်နည်းလမ်း စည်းကမ်းနှင့် သွေဖည်လျက် မိမိတို့၏ ကိုယ်တွေ့ဖြင့် မြတ်စွာဘုရား၏ ဥာဏ်တော်ကို မြင်နိုင်ပါသည်ဟု ကာလာမသုတ်ကို ကိုးကားလျက် ထုတ်ဖော် ကြွေးကြော်လာကြပါသည်။ မြတ်ဘုရား၏ တရားစာပေ ပိဋကတ်များကို ပစ်ပယ်ခြင်းသည် မြတ်စွာဘုရား၏ သာသနာကို မယုံကြည်ရာ ရောက်လေသောကြောင့် ဗုဒ္ဓဘာသာဝင်ဟုပင် သတ်မှတ်၍ မရနိုင်ပေ။ ဝိနည်းစည်းကမ်းသည် သာသနာ၏ အသက်သွေးကြော သာသနာဟူသည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသောကြောင့် ရဟန်းဝိနည်း၊ လူ့သီလသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် သီလမမြဲ ဝိနည်းစည်းကမ်း မထိန်းသိမ်းနိုင်ပါက သာသနာအဆောက်အဦး ပြိုလဲမှု လွယ်ကူစေနိုင်ပါသည်။ ဘုရားရှင်သည် ရဟန်းတော်များအတွက် ဝိနည်းစည်းကမ်းများကို တချိန်တည်း တခါတည်း သတ်မှတ်တော်မူခဲ့ခြင်း မဟုတ်ပဲ၊ သာသနာကို ပျက်စီးညှိုးနွမ်းစေမည်ဟု ထင်မှတ်သော အခါတိုင်းတွင် လိုအပ်သလို အခါအားလျော်စွာ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ အထူးအားဖြင့် ကိလေသာတိုးပွားစေမည်ဟု ထင်မှတ်သော ကိစ္စရပ်များကို ရှောင်ရှားစေနိုင်ရန် ရည်ရွယ်လျက် ဝိနည်းစည်းကမ်းများကို သတ်မှတ်တော်မူခဲ့ပါသည်။ သစ္စာဆိုက်အောင် တရားများနာယူသောအခါ... ထေရဝါဒ ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်များကို အရင်ဦးဆုံး နာယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့နောက် အရိယာတို့၏ ဥာဏ်တော်ဖြင့် ဟောကြားအပ်သော သစ္စာတရားတော်များကို အနုမှ အရင့်သို့ အဆင့်ဆင့် နာယူခြင်းဖြင့် မိမိတို့၏ အသိဥာဏ်ကို ရင့်သန်စေနိုင်ပါသည်။ ထို့ပြင် အခြားသော ဆရာတော် သံဃာတော်များ ဟောကြားသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဒေသနာတော်များကိုပါ နာယူကြစေလိုပါသည်။ ဆရာတော်တစ်ပါးတည်း၏ တရားတော်များကို နာယူခြင်းထက် ဆရာတော်ပေါင်းစုံ၏ တရားတော်များကို နာယူခြင်းသည် ဗဟုသုတ ပိုမို ပြည့်စုံနိုင်သည့်အပြင် အသိဥာဏ် ပညာနှင့် လိမ်မာယဉ်ကျေးမှုကိုပါ ပိုမို ရရှိစေနိုင်ပါသည်။ အထူးအားဖြင့် မိမိတို့အနေဖြင့် ဤဘဝသည် နောက်ဆုံးဘဝ ဟုတ်မဟုတ် မရေရာသေးပါသဖြင့် ကျန်ရှိသော သံသရာခရီးအတွက် ဒါနရိက္ခာ၊ သီလသိက္ခာနှင့် ဘာဝနာကျင့်စဉ်များကို တတ်အားသမျှ ကျင့်ယူ အမြတ်ထုတ်ယူဖို့ လိုအပ်နေပါသည်။ အဓိက ဥာဏ်အင်္ဂါငါးပါး.. တရားဓမ္မများကို စိတ်ဝင်စားမှု အမှန်တကယ်ရှိသော လူများအတွက် အဓိက လိုအပ်ချက် ဥာဏ်အင်္ဂါငါးပါးမှာ- ၁) ဘုရား တရား သံဃာ အပေါ် ယုံကြည်ကိုးကွယ်မှုရှိခြင်း။ ၂) ငါးပါးသီလကို မြဲမြံအောင် စောင့်ထိန်းခြင်း။ ၃) ကံ-ကံ၏ အကျိုးကို ယုံကြည်မှုရှိခြင်း။ ၄) နာမ်နှင့်ရုပ်ကို ပိုင်းခြား၍ သိမြင်ခြင်း။ ၅) ငါ-ငါ့ဟာ-ငါပိုင်မဟုတ်သည်ကို ယုံကြည် (စူးစမ်း၊ စီစစ်၊ စမ်းသပ်၊ ဝေဖန်၊ ပွားများ) ဥာဏ်ဖြင့်သိမြင်ခြင်း။ တို့ဖြစ်သည်။ ပစ္စည်းစွန့်ရမှာလား၊ စွဲလန်းမှု တဏှာ စွန့်ရမှာလား…. ပစ္စည်းစွန့်လှူဒါန်းခြင်းသည် ကုသိုလ်ကောင်းမှု ပြုလုပ်သည် မှန်ပါသော်လည်း ၊ ထိုပစ္စည်းအပေါ် စွဲလမ်းတပ်မက်မှု ငြိတွယ်မှု တဏှာ ဖြစ်နေသေးပါက ယင်းသည် အကုသိုလ် ဖြစ်သွားနိုင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ ဓမ္မာရုံလှူဒါန်းနေသူများပင် ဖြစ်စေကာမူ၊ ငါတည်ခဲ့သော ဘုရား၊ ကျောင်း၊ ဓမ္မာရုံများဟု စွဲလမ်းလျက် သေပွဲဝင်ခဲ့ပါလျှင် အပါယ်ဇာတိ လားရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် တကယ်မရှိသော ပညတ်ပေါ်မူတည်လျက် စိတ်၊စေတသိတ်တွင် ပေါ်ပေါက်သော ပရမတ်သဘောတရားများ၏ မမြဲမှုကို ပိုင်းခြားသိပြီး ပယ်သတ်နိုင်မှသာလျှင် ဘဝဇာတိ ထပ်မံ မရရှိမည် ဖြစ်ပါသည်။ ကုသိုလ်နှင့်တရားစခန်း ကုသိုလ်တရားဟူသည် မိမိဖက်မှ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ပြုလုပ်ခြင်းမှသာ ရရှိနိုင်မည်ဖြစ်ပါသည်။ တရားစခန်းဝင်တိုင်း ကုသိုလ်ရရှိမည် မဟုတ်ပေ။ တရားစခန်းဝင်သည်ပြော၍ သီလမလုံခြုံ၊ အချိန်ကုန်ခံ၊ ဇွဲနှင့်ကြိတ်မှိတ် အညောင်းခံထိုင်လျက်၊ အချိန်စေ့သည်နှင့် ဒုက္ခခံခြင်း စိတ်မှ လွတ်မြောက်ပြီဟု သဘောထားကာ၊ သူတပါးမှ လှူဒါန်းသော အစားအသောက်များကို သုံးဆောင်နေခြင်းသည် အဘယ်ကုသိုလ်မျှ ရရှိနိုင်မည် မဟုတ်ပေ။ ကုသိုလ်တရားဟူသည် ကြည်လင်သော စိတ်၊ လုံခြုံသော သီလ၊ မျှတသော ဘာဝနာပွားမှု၊ ယုံကြည်သော သဒ္ဓါတရားတို့မှသာလျှင် ရရှိနိုင်ပါသည်။ အပါယ်တံခါး မှားမဖွင့်စေချင် အပါယ်ပိတ်တရားများ နားမှ နာနေသော်လည်း၊ လက်တွေ့တွင်မူ ဘုရားတရားများကို ပြင်ဆင်ဖြည့်စွက်၊ တရားအမှားများ ပြသနေခြင်း၊ သီလသိက္ခာ၊ဝိနည်းတော်များကို လေးစားမှုမရှိခြင်း၊ မိမိနှင့်မတန်သေးသော စကားများ ပြောဆိုခြင်း၊ သီလ သမာဓိ ပညာနှင့်ပြည့်စုံတော်မူသော ဆရာတော်ကြီးများ၏ အကာအကွယ်ယူပြီး မိမိလိုရာ ဆွဲယူပြောဆိုခြင်း၊ မိမိ၏ အသိဥာဏ်ဖြင့် မှား၏ မှန်၏ မဆုံးဖြတ်နိုင်သေးပဲ တရားများကို ဖြန့်ဝေနေခြင်း စသော အပါယ်တံခါးဖွင့်စေသော အပြုအမူများကို အမြန်ဆုံးအဆုံးသတ်စေခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ ကယ်တင်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။
Print Friendly and PDFPrintPrint Friendly and PDFPDF

အပင်ရှိမှ အရိပ်ရမည်

(၁) `အကြင်သူသည် ကိုရင်အရွယ် ကလေးငယ်တို့ကို ဒကာခံ၍ ရှင်ပြုပေး၏။ ထိုသူသည် ဘုရားသာသနာတော်ကို တိုးတက်ကြီးပွားအောင် ပြုသူမည်၏။ အကြင်သူသည် ရဟန်းအရွယ် အမျိုးကောင်းသားတို့ကို ဒကာခံ၍ ပဉ္စင်းတက်ပေး၏။ ထိုသူသည် ဘုရားသာသနာတော်ကို တိုးတက်ကြီးပွားအောင် ပြုသူမည်၏´ဤသည်မှာ မုနိသုတ္တန်လာ ဒေသနာစကားတော်တစ်ခု ဖြစ်ပါသည်။ `အကြင်သူသည် မိမိ၏ သားသမီးတို့ကို ရှင်ရဟန်း ပြုပေး၏။ ထိုသူသည် သာသနာတော်၏ အမွေတော်ကို ခံယူရရှိသူ မည်၏´ဤသည်ကား အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးက သီရိဓမ္မာသောကမင်းကြီးအား ချီးမြှင့်ခဲ့သော ဒေသနာတော် စကားတစ်ရပ် ဖြစ်ပါသည်။ မှန်၏။ သီရိဓမ္မာသောကမင်းကြီးသည် သူမတူအောင် အလှူများစွာ လှူပြီးနောက် သာသနာတော်၏ အမွေခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီဟု အထင်ရှိလာပါသည်။ ထို့ကြောင့် မထေရ်မြတ်ကြီးက တိကျစွာ ဟောကြား ချီးမြှင့်တော်မူခြင်းပင်။ `တောထဲမှာ အလေ့ကျပြီးပေါက်လာတဲ့ သစ်ပင်တွေကတော့ အများကြီးပါ။ အဲဒီအပင်တွေထဲမှာ ကျွန်းလို၊ သစ်မာလို အသုံးကျ၊ အနှစ်မာပင်တွေလဲ ပါမယ်။ အသုံးမကျတဲ့ အနှစ်မဲ့တွေလဲ ပါပါလိမ့်မယ်။ အသုံးကျ-မကျ၊ အနှစ်ထည့်-မထည့်ဆိုတာကို အချိန်စောင့်ကြည့်ပြီးမှ သိခွင့်ရပါတယ်။ လူတန်းစားအမျိုးမျိုးကနေ မွေးဖွားပြီး သာသနာ့ဘောင် ရောက်လာကြတဲ့ ကိုရင်ကလေးတွေထဲမှာ အနှစ်ထည့်မှာတွေလဲ ရှိပါတယ်။ အနှစ်မဲ့တွေလဲ ရှိပါလိမ့်မယ်။ ကိုရင်ကလေးတွေ ဘောလုံးကန်ချင်ကန်ပါစေ။ ဆရာသမားတွေထံကနေ ဘုရားစကားတွေ တစ်နေ့တစ်လုံးပဲ ဖြစ်ဖြစ်၊ တစ်နေ့တစ်ခါပဲ ဘုရားရှိခိုးတယ် ဆိုဆို ဒါကလေးတွေကိုက ပရိယတ်အနှစ်၊ ပဋိပတ်အနှစ်တွေ ထည့်နေတာပါပဲ။ အနှစ် မထည့်တာတွေ၊ အနှစ် မတည်တာတွေလဲ လေမုန်တိုင်းတွေကြောင့် ကျိုးကြေ ပျက်ပြား လဲကျသွားမှာပါ။ ဒါကြောင့်မို့ ပထမဆုံးအဆင့် အနေနဲ့ သာသနာ့ဘောင်မှာ ကိုရင်ငယ်ကလေးတွေကို ပျော်အောင် မွေးထားရမှာ ဖြစ်ပါတယ်။ အခု ဒကာကြီးတို့က ဆရာအဖြစ်နဲ့ ကိုးကွယ်ခွင့်ရကြတဲ့ ဆရာတော်ကြီးတွေဟာ ဒကာကြီးတို့ မိဘ ဘိုးဘွားများလက်ထက်တုန်းက ကိုရင်ငယ်ကလေးတွေပဲ ဖြစ်ခဲ့ကြမှာပါ။ ဒကာကြီးတို့သားတွေ၊ သမီးတွေ၊ မြေးတွေရဲ့ခေတ်ကို မျှော်ကြည့်လိုက်ရင် အခုကိုရင်ငယ် ကလေးတွေက သာသနာတော်ရဲ့ အသက်ပဲဆိုတာ မြင်ရမှာပါ။ ဒကာကြီး´ဤသည်တို့ကား ကျေးဇူးတော်ရှင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက (ထိုစဉ်က) နိုင်ငံတော်အကြီးအကဲ ဒကာကြီးတစ်ဦးအား ဟောကြားချီးမြှင့်ခဲ့သော သြ၀ါဒတရားတော်များ ဖြစ်ပါသည်။ (၂) အထက်ပါ တရားတော်အားလုံး၏ ကျောရိုးမှာ တစ်ခုတည်းပင် ဖြစ်ပါသည်။ `သာသနာတော်´ ဟူ၍ ဖြစ်ပေသည်။ အများအားဖြင့် နားလည်ထားကြသည်မှာ `သာသနာဟူသည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ´ ဟူ၍ ဖြစ်ပါသည်။ ယင်းအဓိပ္ပာယ်ကား မှန်လှပါသည်။ သို့ရာတွင် ပရိယတ္တိ (စာပေ) တို့ကို သင်ပြသူ၊ သင်ယူသူမရှိလျှင် ပရိယတ္တိသာသနာ ဘယ်မှာ တည်ရှိခွင့်ရပါတော့မည်နည်း။ ထို့အတူပင် ပဋိပတ္တိ (တရားကျင့်စဉ်) တို့ကို ဟောပြသူ၊ လေ့ကျင့်သူမရှိလျှင် ပဋိပတ္တိသာသနာ ဘယ်မှာ ရှိနိုင်အံ့နည်း။ ပရိယတ္တိ၊ ပဋိပတ္တိတို့ကို ဆောင်ရွက်သူ မရှိပါက ပဋိဝေဓသာသနာလည်း အဘယ်မှာ ဖြစ်ပေါ်လာပါတော့အံ့နည်း။ ဤသဘောတို့ကို အလေးအနက် ထားတော်မူလျက် မြတ်စွာဘုရားက မုနိသုတ္တန်ကို ဟောကြားတော်မူခြင်း ဖြစ်ပါသည်။ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်ကြီး (တတိယ သံဃာယနာတင်ပွဲတွင် သံဃာဥသျှောင်မထေရ်)၊ မင်းကွန်းဆရာတော်ကြီး (ဆဋ္ဌသံဃာယနာတင်ပွဲတွင် သံဃာ့ဥသျှောင်မထေရ်) တို့ကလည်း အလားတူ ဟောကြားတော်မူခြင်းဖြစ်ကြောင်း တွေ့ရပါသည်။ သာသနာတော်သုံးရပ်မှာ ပရိယတ္တိမှစ၍ ပဋိပတ္တိသို့တက်ပြီး ပဋိဝေဓသို့ ဆိုက်ရောက်သကဲ့သို့ပင် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တို့မှာလည်း `ပရိယတ္တိ=သင်သူ´ များမှစ၍၊ `ပဋိပတ္တိ=ကျင့်သူ´များ ဖြစ်ကြရပါသည်။ အနည်းဆုံးအားဖြင့် ပါဠိဘာသာ ကျမ်းရင်းအတိုင်း မသင်နိုင်သော်လည်း မြတ်စွာဘုရား ဟောကြားထားသောနည်းတို့ကို မိမိတို့ အရပ်သုံးစကားဖြင့် နားလည်အောင် သင်ပြီးမှသာ လိုက်နာ လေ့ကျင့်နိုင်ပါသည်။ ပရိယတ္တိကို အခြေခံ မရခဲ့ဘဲ ပဋိပတ္တိကို မရနိုင်ခြင်းကြောင့် အခုခေတ် သက်တော်ထင်ရှား ရိပ်သာဆရာတော်ကြီးများအားလုံး သက်ဆိုင်ရာ ပရိယတ္တိစာသင်တိုက်အသီးသီးမှ သီးပွင့်လာခဲ့ကြသော သာသနာ့သိက္ခာပန်းများချည်း ဖြစ်ကြပါသည်။ သို့ရာတွင် လူတို့သဘောက အသီးကိုသာ စားသုံးလိုကြသည်။ အပင်ကိုမူ မပျိုးလိုကြပေ။ ရေချိုကိုသာ သောက်လိုကြ၏။ ရေတွင်းကိုမူ မတူးလိုကြပေ။ ထို့ထက် ဆိုးသည်မှာ ပျားရည်ကို သောက်လိုပါလျက်ကယ်နှင့် ပျားအုံကို ခြေကန်သူ (တချို့) ရှိကြပေသေးသည်။ ဤသဘောတို့ကား ကြည့်တတ်မှ မြင်ရသော မှန်ကူကွက် အစက်အပြောက်များသာ ဖြစ်ပါသည်။ `ရိပ်သာက ဦးဇင်းကလေးတွေ ကြည့်လိုက်ရရင် မျက်နှာတော်ကလေးတွေက အေးမြပြီး နုနေတာပဲ။ သိပ်ကျက်သရေရှိတာ။ စာသင်တိုက်က ဦးဇင်းတွေကျတော့ ကြမ်းတမ်းလိုက်တာလေ။ ကြောက်စရာတောင် ကောင်းသေးတယ်´ ဟု ဆိုသူက ဆိုပေသည်။ ဆိုရုံမျှနှင့်မပြီးသေး။ (မပြီးသေးသော အကြောင်းအရာများကိုတော့ မဖော်ပြလိုတော့ပေ။ ထားလိုက်ပါတော့။) ရိပ်သာမှာက စားရေးအတွက်ပါ ပါးစပ်ဝအရောက် ပြည့်စုံကြသည်။ ၀တ်ရေးအတွက် လက်ထဲအရောက် ပြည့်စုံကြသည်။ နေရေးအတွက် အိစက်သာယာ ရှိကြပါသည်။ လုပ်ငန်းစဉ်ကလည်း အစဉ်သဖြင့် သာတောင့်သာယာ ရှိကြပါသည်။ အရုဏ်ဆွမ်းအတွက် ထင်းခွဲစရာ မလိုကြပေ။ စာသင်တိုက်မှာမူ အစားလည်း ဆင်းရဲကြသည်။ အ၀တ်အနေလည်း ဖြစ်သလို စီမံကြရသည်။ စာအံမှုများသွား၍ ဗိုက်ဆာသော်မှ အအေးကလေးပင် သောက်စရာ ရှိတတ်သည်မဟုတ်ပေ။ လုပ်ငန်းများက ကြမ်းတမ်းသည်။ ထင်းခွဲ၊ ရေခပ်၊ ရေနွေးကြို၊ ဆွမ်းပွဲပြင်၊ ဆွမ်းပွဲသိမ်း၊ ကျောင်းဆောက်နေခိုက်မျိုးနှင့်ကြုံလျှင် အုတ်သယ်၊ မြေသယ် စသည်များ ပါရှိတတ်ပါသေးသည်။ ထို့ပြင် စာသင်သားထဲမှာ စည်းမကျကမ်းမကျတွေက ပါတတ်သေးတော့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်ဆိုလည်း ကြမ်းရတာကတစ်မျိုး၊ နုရတာက တစ်မျိုး အမျိုးမျိုး ဖြစ်ရပါသည်။ ဤသို့သော သပ္ပါယ=မျှတမှုချင်း ကွဲပြား၊ အခြေအနေချင်း ကွာဟနေမှုတို့ကို မမြင်ပါဘဲ လိုသမျှ စံဖြင့်တိုင်း၍ တရားမကျင့်ခြင်းကြောင့်ဟုသာ ကောက်ချက်ဆွဲ တတ်ကြပါသည်။ ဤအဖြစ်အပျက်မှာ မကြာခင်ကမှ ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ကိစ္စ ဖြစ်ပါသည်။ ဤသို့သော အရိပ်ခိုလိုသူများကြားတွင် အပင်ကို စောင့်ရှောက်လိုသူများလည်း ရှိတော့ရှိကြပါသေးသည်။ အပင်ကို စောင့်ရှောက်သူများ ရှိ၍ အပင်ရှိခြင်းကြောင့်သာ အရိပ်ရှိနိုင်ပါသည်။ (၃) အပင်ကို စောင့်ရှောက်သူ များစွာ ရှိပေလိမ့်မည်။ သို့ရာတွင် စာရေးသူ သေချာသိရသော ဒကာမတစ်ယောက်အကြောင်းသာ ဆက်လက်ဖော်ပြလိုပါသည်။ ယခင်နှစ်များကလည်း စာသင်သား ကိုရင်ကလေးတွေ၊ ဦးပဉ္စင်းတွေအတွက် ဗလာစာအုပ်၊ ဘောလ်ပင် စသည်များ၊ စာချဦးပဉ္စင်းကလေးတွေ အတွက် ဒိုင်ယာရီစာအုပ်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ လက်ကိုင်ပုဝါ၊ ဘောလ်ပင်စသည်များ လှူခဲ့သူဖြစ်ပါသည်။ အခုနှစ်မှာလည်း အလားတူပင် လှူခဲ့ပါသည်။ ပိုလာသည်ကတော့ နှစ်လုံးပေါက် လစဉ် လေ့ကျင့်ခန်းစာမေးပွဲအတွက် အဖြေလွှာအဖြစ်သုံးရန် လျှောက်လွှာ စာရွက်ထုပ်များပါ လှူခဲ့ခြင်း ဖြစ်ပါသည်။ အခြားစာသင်တိုက်၊ ရိပ်သာတို့မှာလည်း အလားတူ လှူသူဖြစ်ပါသည်။ အသိထဲက ကိုရင် ဦးပဉ္စင်းများ ခရီးသွားချိန် (ကျောင်းပိတ်ချိန်) ရောက်လျှင်လည်း ခရီးစရိတ် လှူလေ့ လှူထရှိပါသည်။ ယင်းသို့ လှူဒါန်း ထောက်ပံ့ရာမှာလည်း အသံတိတ် လှူခြင်းမျိုးသာ ဖြစ်ပါသည်။ စာရေးသူတို့ နေထိုင်ရာ သာသနပါရဂူမှာ လှူလျှင် ဆရာတော်ထံလာပြီး စာရေးသူကိုပင့်၍ လိုအပ်သည်ကို မေးလျှောက်ပြီး လှူဒါန်းထောက်ပံ့ပါသည်။ စာရေးသူက ကိုရင် ဦးပဉ္စင်းအသီးသီးသို့ ခွဲဝေ လှူဒါန်းပေးရပါသည်။ အမျှဝေ ပေးရပါသည်။ အခြားစာသင်တိုက် ရိပ်သာတို့မှာ လှူလျှင်လည်း အလားတူပင် ဖြစ်ပါလိမ့်မည်။ (ထို့ကြောင့် ထိုဒကာမ၏ နာမည် စသည်တို့ကို မဖော်ပြခြင်း ဖြစ်ပါသည်။) မကြာသေးမီက ကျောင်းသို့ ရောက်လာပါသည်။ ၆.၁၂.၂၀၀၅-ရက် နေ့လယ်က ထင်ပါသည်။ စာချဦးဇင်း ၇-ပါးအတွက် တစ်ပါးလျှင် ၃၀၀၀-ကျပ် န၀ကမ္မအဖြစ် ကပ္ပိယကာရကဖြင့် လှူဒါန်းထောက်ပံ့ပါသည်။ `သာသနာတော် အကျိုးငှာ ရည်မှန်း၍ စာချဆရာတော်တို့၏ ပစ္စည်းလေးပါး အလိုရှိရာ ကပ္ပိနိုင်စေရန် န၀ကမ္မ၀တ္ထုပါဘုရား´ဟု လျှောက်ထားလှူဒါန်းပါသည်။ ထို့နေ့ကလည်း စာရေးသူပင် အားလုံးကိုယ်စား အလှူခံပြီး သီလပေး၊ တရားစကား တစ်လုံးနှစ်လုံး ဟောပြော၊ အမျှဝေ ပေးလိုက်ပါသည်။ ကိုရင်တွေ၊ ဦးဇင်းတွေအတွက် ဗလာစာအုပ်၊ ဘောလ်ပင်လိုကြောင်း သိရပြီး ၉.၁၂.၀၅-ရက်နေ့မှာ လာလှူပါသည်။ ၆.၁၂.၀၅-ရက်နေ့က စာရေးသူမှာ မျက်မှန်မရှိပေ။ စာရေးသူက ပါဝါမျက်မှန် အမြဲတပ်ထားရသူဖြစ်၍ မျက်မှန်အသစ်ကပ္ပိဖို့ ၁၂၀၀၀-ကျပ် ကပ္ပိယကာရကဖြင့် ထပ်လှူခဲ့ပါ သေးသည်။ ၈.၁၂.၀၅ ရက်နေ့မှာ မျက်မှန်ရပါသည်။ ၁၅.၁၂.၀၅-ရက် နေ့လယ်တွင် တစ်ခေါက် လာရောက်ပြန်ပါသည်။ စာရေးသူက ရေးပြီးစ စာမူကလေးကို ပြန်ဖတ်နေခိုက် ကိုရင်တစ်ပါးက အခန်းဝမှာ ရပ်လျက်ဖြင့် `ဦးဇင်း...ဆရာတော်က ခေါ်ပါတယ်ဘုရား´ဟု လျှောက်လာပါသည်။ သင်္ကန်းပြင်ရုံ၍ ဆရာတော့်ထံသို့သွားပြီး ဦးချကန်တော့ပါသည်။ `အေး...ဒကာမတွေ ရောက်နေတယ်၊ စကားပြောလိုက်ဦး´ဟု ဆရာတော်က အမိန့်ရှိပါသည်။ စာသင်သားကိုရင်၊ ဦးပဉ္စင်း (၅၂) ပါးအတွက် န၀ကမ္မ၀တ္ထု ၅၂၀၀၀-ကျပ်တို့ကို လှူဒါန်းပါသည်။ ဦးလေးတော်သူ ဒကာကြီးတစ်ဦးနှင့် ဒကာမကလေးတစ်ယောက် အဖော်ခေါ်လာပါသည်။ `အမျှဝေဦးမလား´ဟု စာရေးသူက မေးသဖြင့် `ညကျမှ ဘုရားရှိခိုးပြီးတော့ အမျှဝေလိုက်ပါ့မယ်ဘုရား´ဟု လျှောက်ထား ပြန်သွားကြပါသည်။ စာရေးသူမှာ အတော် ၀မ်းသာသွားပါသည်။ စာသင်သားဘ၀မှာ အစစအရာရာ ရှားပါးလှပါသည်။ ကိုယ်ကိုယ်တိုင် ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရသူဖြစ်၍ ကိုရင်ကလေးတွေနှင့် ဦးပဉ္စင်းကလေးတွေ ၀မ်းသာကြမှာကိုလည်း ကိုယ်ချင်းစာမိသည်။ မျက်မှန်အတွက် စာရေးသူအား လှူသွားသည်ထက်ပင် ၀မ်းသာမိပါသည်။ စာရေးသူကိုယ်တိုင်က လှူချင်ပါလျက် မလှူနိုင်သော အလှူမျိုးဖြစ်၍ ကြည်နူးဝမ်းသာ `သာဓု´ ခေါ်မိပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

ဓမ္မံ သရဏံ ဂစ္ဆာမိ

ရဟန်းတစ်ပါးသည် ဥပဇ္ဈာယ်ဆရာ အပ်ထားသော အ၀တ်ပိုင်းတစ်ခုကို ယူပြီး ဖိနပ်အိတ် ချုပ်ပါသည်။ `ငါယူလျှင် ငါ့ဥပဇ္ဈာယ် ဆရာ စိတ်ဆိုးလိမ့်မည် မဟုတ်´ ဟု မှတ်ထင်ထားပါသည်။ ဆရာသိသောအခါ `အဘယ်အကြောင်းကြောင့် ယူသနည်း´ ဟု မေးသည်။ `အရှင်ဘုရားတို့အား ကျွမ်းဝင်ရင်းနှီးခြင်းကြောင့် ယူပါ၏´ ဟု ဖြေလျှောက်ပါသည်။ (ကျွမ်းဝင်ရင်းနှီးသူ၏ ဥစ္စာကိုယူလျှင် ခိုးမှုမဖြစ်။) `ငါနှင့်အတူတကွ သင်၏ အကျွမ်းဝင်ခြင်းမည်သည် အဘယ်နည်း´ဟု မေးကာ စိတ်ဆိုးဆိုးဖြင့် ထရိုက်ပါသည်။ ဤအဖြစ်အပျက်ကို အကြောင်းပြု၍ ဂါထာနှစ်ပုဒ်တို့ကို မြတ်စွာဘုရားရှင် ဟောတော်မူပါသည်။ `အကြင်ပုဂ္ဂိုလ်သည် အကြင်ပုဂ္ဂိုလ်၏ ရန်သူဖြစ်၏။ ထိုပုဂ္ဂိုလ်ကို ထိုပုဂ္ဂိုလ်က မြင်တွေ့ရသောအခါ ပြုံးရယ်မှုကို မပြု။ ရွှင်လန်းခြင်းကို မပြ။ ထိုပုဂ္ဂိုလ်၏စကားကို ကြားရသောအခါ မနှစ်သက်။ ၀မ်းမသာ။ ကောင်းသောစကားဟု မမှတ်။ `မျက်စိနှင့်မျက်စိ ထိခတ်၍ မျက်နှာချင်းဆိုင်လျက် မကြည့်။ မျက်နှာလွှဲ၏။ ထိုပုဂ္ဂိုလ်၏ ကာယကံ-ကိုယ်အမူအရာထူးသည်လည်း မတင့်တယ်။ ၀စီကံ-နှုတ်အမူအရာထူးသည်လည်း မတင့်တယ်။ ဆန့်ကျင်ဘက် အယူကို ယူ၏။ `ပညာရှိသူသည် မြင်သောအခါ၊ ကြားသောအခါ၊ အကြင်အကြောင်းတို့ဖြင့် ရန်သူကို သိနိုင်၏။ ထိုအကြောင်းတို့သည် ရန်သူ၌ တည်ရှိကုန်၏။ ထိုအကြောင်းတို့မှ ပြန်၍ယူသော် မိတ်ဆွေ၏အဖြစ်ကို သိအပ်၏´။ ဤကား ဂါထာနှစ်ပုဒ် ဘာသာပြန်အဓိပ္ပာယ် ဖြစ်ပါသည်။ မြင်ရသောခါ၊ ပြုံးရယ်ကာ၊ မျက်နှာ ရွှင်လန်း၏။ ကြားရသောခါ၊ နှစ်သက်ကာ၊ ၀မ်းသာ ကောင်းထင်ဘိ။ မျက်လုံးချင်းစပ်၊ မျက်နှာဟပ်ကာ၊ မူရာတင့်တယ်၊ အယူနယ် တူလွယ် ညီမျှ၏။ ဤသို့ပေါင်းဆုံ၊ အကြောင်းစုံက၊ မိတ္တစစ်မှန်၊ မစုံဟန်၊ ရန်သူ မှတ်လေဘိ။ ။ အထက်ပါ ဂါထာနှစ်ပုဒ် ဖြစ်ပေါ်လာစေသည့် အဆိုပါ ဆရာတပည့် နှစ်ပါးတို့သည် ရှေးအခါက ဆင်နှင့်ရသေ့တို့ ဖြစ်ခဲ့ကြဖူးပါသည်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူစဉ်က ဘုရားလောင်းလျာ ပုဏ္ဏားသည် ရသေ့ပြု၍ အဘိညာဏ်၊ သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့တို့၏ ဆရာအဖြစ်ဖြင့် ဟိမ၀န္တာတော၌ သီတင်းသုံးပါသည်။ တပည့်များစွာ ရှိပါသည်။ တပည့်ရသေ့တို့တွင် ဆရာ့စကား နားမထောင်သော တပည့်တစ်ဦးပါသည်။ ထိုတပည့်သည် အမိသေပြီးသော ဆင်ပေါက်စကလေး တစ်ကောင်ကို မွေးထားသည်။ ဆင်ပေါက်စကလေး အရွယ်ရောက်လာသောအခါ မွေးထားသူရသေ့ကို သတ်ပြီး တောထဲဝင်သွားပါသည်။ ဤအတိတ်ဝတ္ထု၌ ဆင်သည် ရသေ့၏ရန်သူ ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ဝတ္ထု၌ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်၏ ရန်သူ ဖြစ်ပါသည်။ (ဇာတကဋ္ဌကထာ၊ ၂၊ ၁၁၉-၁၂၀။) ဤ၀တ္ထုနှစ်ခု၌ အနှစ်ချုပ်ကြည့်လျှင် `ဒေါသထွက်သူသည် ရန်သူဖြစ်နိုင်၏´ ဟူ၍ တွေ့ရပါသည်။ ဒေါသကို `ကောဓ´ ဟုခေါ်၍ ဒေါသထွက်နေသူကို `ကုဒ္ဓ´ ဟု ခေါ်ပါသည်။ ယင်းကုဒ္ဓကို `အမိတ္တ´ ဟု ခေါ်ပါသည်။ ရန်သူဟူ၏။ ထို့ကြောင့် ဒေါသရှိသူ (ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်) မှန်သမျှသည် အခါအခွင့် မသင့်တော့လျှင် ရန်သူအဖြစ် ပြောင်းသွားတတ်ပါသည်။ ဤနေရာတွင် အဓိကတင်ပြချင်သည့် အချက်မှာ မိတ်ဆွေဟု သိနိုင်ကြောင်း တရားများလည်း မဟုတ်ပါ။ ရန်သူဟု သိနိုင်ကြောင်းတရားများလည်း မဟုတ်ပါ။ ရန်သူယောင်ဆောင်သူဟု သိနိုင်ကြောင်း တရားများလည်း မဟုတ်ပါ။ မိတ်ဆွေ ယောင်ဆောင်သူဟု သိနိုင်ကြောင်း တရားများသာ ဖြစ်ပါသည်။ မိတ်ဆွေယောင်ဆောင်သည်။ ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ မိတ်ဆွေယောင် ဆောင်ထားသည်။ အဘယ်သူ ဖြစ်မည်နည်း...။ စာရေးသူနှင့် ရင်းနှီးသော မိသားစုတစ်စုရှိသည်။ မိသားစုအားလုံး တရားရိပ်သာ သွားကြသည်။ တရားအားထုတ်ကြသည်။ သဒ္ဓါတရား၊ ၀ီရိယတရား ကောင်းကြပါသည်။ တစ်နေ့သောအခါတွင် ဒကာမကြီးက လျှောက်ထားလာသည်။ လွန်ခဲ့သော (၁၅) နှစ်ခန့်မှစ၍ အကြိမ်ကြိမ်နာယူခဲ့ရသော တရားနှင့်စပ်၍ သံသယပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ဒကာမကြီးတို့မိသားစု တရားဝင်လေ့ရှိသည့် ရိပ်သာသုံးခုရှိကြောင်း သိရပါသည်။ နာမည်ကြီး ဘုန်းကြီးကျောင်းများ ဖြစ်ကြပါသည်။ တရားဝင်နေသူ ယောဂီများအား ညစဉ် (၈) နာရီတွင် ဆရာတော်ကြီး ကိုယ်တိုင် တရားဟောလေ့ ရှိပါသည်။ တစ်ဖန် ၀ါဆိုဦး ၀ါဆိုပွဲ၊ ကထိန်ရာသီ ကထိန်ပွဲ၊ သင်္ကြန်တွင်း သင်္ကြန်ပွဲတို့လည်း ရှိကြပါသည်။ ဤအထူးပွဲကြီး သုံးပွဲမှာမူ တမင်ဖိတ်ထားသူ အထူးဧည့်သည် (ဒကာ၊ ဒကာမ) အသစ်များပါ လာရှိတတ်ကြပါသည်။ ထို့ကြောင့် (အထူး) တရားကို ဟောလေ့ရှိပါသည်။ အသစ်တော့ မဟုတ် ဟူ၏။ ဒကာမကြီးသည်ပင် ထိုတရားကို အလွတ်နီးပါး ရနေလေပြီ ဖြစ်၏။ အဓိပ္ပာယ်အချုပ်မှာ - `အလှူခံပုဂ္ဂိုလ်တို့တွင် ရုပ်နာမ်တရားတို့၌ ၀ိပဿနာဉာဏ်ရှိသူတို့သာ အမြတ်ဆုံးဖြစ်သည်။ ၀ိပဿနာဉာဏ်ရှိသူ ဆိုသည်ကလည်း ဤရိပ်သာထဲမှာသာ ရှိ၏။ စာသင်တိုက်တို့မှာ မရှိ´ ဆိုသည်တို့ကို ယုံလောက်အောင် ဟောပြခြင်းသာတည်း။ ဒကာမကြီးသည် ထိုတရား စတင်နာကြားရချိန်မှစ၍ စာသင်တိုက်တို့အား အလှူဝတ်တို့ကို ၁၄-နှစ်လုံးလုံး ဖြတ်တောက်ခဲ့ဖူးပြီး ဖြစ်ပါသည်။ ရိပ်သာတို့မှာသာ အသားကုန်လှူခဲ့သည်ဟု လျှောက်ထားပါသည်။ ထိုကိစ္စအတွက် သံသယ၀င်လာခြင်းကြောင့် သမီးနှင့် တူမကလေးများကို ထိုရိပ်သာသို့ ပို့ပေးခဲ့သည်။ သမီးနှင့် တူမကလေးများလည်း စိတ်စွဲသွားကြပါသည်။ ၀ိပဿနာဉာဏ် မရှိသည့် ရဟန်းတို့အား မလှူပါနှင့်ဟုပင် ဆိုလာတတ်ကြသတတ်။ သမီးနှင့် တူမကလေးများကမူ စာသင်သားသံဃာ၊ အခြားသံဃာတို့အား ယခုထိပင် မလှူနိုင်ကြသေးပေ။ ဒကာမကြီးက သမီးကလေးအား ပရိယတ္တိဝန်၊ ပဋိပတ္တိဝန်တို့အကြောင်း-သာသနာသုံးရပ်အကြောင်း စသည်တို့ကို ပြောပြပေးဖို့ စာရေးသူအား အကူအညီ တောင်းခံဘိသကဲ့သို့သော စကားမျိုးလည်း ပြောပြလျှောက်ထားပါသည်။ သို့သော် စာရေးသူက စာချဆရာ ရဟန်းမျှသာဖြစ်၍ ကလေးမ၏ `သူမြတ်´ စာရင်းမှာ မပါခြင်းကြောင့် စာရေးသူအား နှုတ်ဆက်ရုံမျှလောက်သာ ဆက်ဆံလေ့ရှိပါသည်။ အခွင့်လည်း မသာ၊ အခါလည်း မရပေ။ ဒကာမကြီးကိုယ်တိုင်ကတော့ ယခုအခါတွင် ပရိယတ္တိသာသနာ၊ ပရိယတ္တိသံဃာတို့အား အထူးဂရုပြုလျက် ပြန်လည်ထောက်ပံ့သူ ဒါယိကာမကြီး ဖြစ်လာလေပြီ။ ဒါယိကာမကြီးက သမီးကလေးအပါအ၀င် ဗုဒ္ဓဘာသာဝင် ဒကာ-ဒကာမများ၏ စိတ်ထဲ စွဲဝင်နေသည့် `၀ိပဿနာဉာဏ် ရှိသူ-လှူမှမြတ်´ဆိုသည့် အမှားဆူးကို နုတ်ပေးနိုင်မှ အန္တရာယ်ကင်းမည့်အကြောင်း လျှောက်ထားလာလေပြီ။ `ဒကာမကြီး...အလှူခံပုဂ္ဂိုလ်တွေထဲမှာ ၀ိပဿနာဉာဏ် ရှိနေသူသာ အမြတ်ဆုံးဆိုတာ အသာထားအုံး။ မှန်သလောက်တော့ မှန်ပါတယ်။ ရိပ်သာမှာနေတိုင်း ၀ိပဿနာဉာဏ် ရှိနေ၏-ရှိမနေ၏ ဆိုတာကတော့ အသိရခက်ပါတယ်။ ဒါ့ပြင် အလှူနဲ့ပတ်သက်လို့ မြတ်စွာဘုရား ဟောထားတာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အလှူရှင်တွေ သိသင့်သိထိုက်တာ သိအောင် ဟောပေးဖို့ လိုပါတယ်။ ၁။ သာသနာတော်ဆိုင်ရာ အသိ၊ အကျင့်ဘာမှမရှိတဲ့ တိရစ္ဆာန်လဲ လှူရမယ်။ အလှူခံပုဂ္ဂိုလ်ပဲ။ ၂။ မုဆိုး တံငါလို အရိုင်းအစိုင်းလူတွေလဲ အလှူခံပဲ။ ၃။ တုံးခုန် ဇယ်ခတ် စတဲ့ အကျင့်ရှိသူတွေလဲ လှူရမယ်။ ၄။ သာသနာတော်နဲ့ မဆိုင်သေးဘဲ ကံ- ကံရဲ့အကျိုးကို လက်ခံပြီး၊ ဈာန်ရထားသူလဲ လှူရမယ်။ အလှူခံပါပဲ။ ဒီထက်ပိုပြီးတော့ မြတ်တဲ့အလှူခံက သောတာပန်ဖြစ်ရန် ကျင့်ကြံနေသူ၊ သာသနာဝင် အလှူခံပုထုဇဉ်တွေပါပဲ။ ၅း၁။ သရဏဂုံ အစစ်အမှန်တည်သူ။ (သဒ္ဓါ-ပညာ ရှိရမယ်။) ၅း၂။ ငါးပါးသီလ တည်မြဲသူ။ (လိုက်ဆိုတတ်ရုံမျှမကဘဲ တကယ့် သီလငါးပါး တည်မြဲရမယ်။) ၅း၃။ ရှစ်ပါးသီလတည်မြဲသူ။ (သီလမယူခင်မှာ သနပ်ခါးလူးထားမှ ဆိုတာမျိုးမပါဘူး။) ဒီလိုဟာမျိုးကို ပုဗ္ဗစေတနာ သီလမဲ့သူလို့ ခေါ်တယ်။ မီးလောင်ခံ ကြက်တောင်နဲ့တူတယ်။ တွန့်လို့။ ၅း၎။ ဆယ်ပါးသီလတည်မြဲသော လူပုဂ္ဂိုလ်-သီလရှင်-ကိုရင်များ။ (တကယ်တည်မြဲသူသာ ဆိုလိုတာ။ ကိုရင်လဲ သီလ ကျိုးပြတ်နေနိုင်တာပဲ။) ၅း၅။ စတုပါရိသုဒ္ဓိသီလထဲက အရေးကြီးတာတွေကိုသာ လိုက်နာနိုင်တဲ့ ရဟန်းတော်များ။ ၅း၆။ စတုပါရိသုဒ္ဓိသီလ ပြည့်စုံသော ရဟန်းတော်များ။ ၅း၇။ ၀ိပဿကခေါ် ၀ိပဿနာတရားကို မှတ်လိုက်...နားလိုက်...ရပ်တံ့လိုက် အားထုတ်တတ်သူ လူပုဂ္ဂိုလ်၊ ရဟန်းတော်များ။ ၅း၈။ အာရဒ္ဓ၀ိပဿကခေါ် ၀ိပဿနာတရားကို ဣရိယာပုတ်လေးပါးစလုံး အားထုတ်တတ်၍ နေ့မပြတ် ညမပြတ် လမပြတ် နှစ်မပြတ် ဆက်တိုက် အားထုတ်နေတတ်တဲ့သူ။ ၅း၉။ အဲဒီလိုအားထုတ်လို့ ၀ိပဿနာသိခါပတ္တလို့ခေါ်တဲ့ သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်၊ (၀ုဋ္ဌာနဂါမိနီ ၀ိပဿနာဉာဏ်) ဂေါတြဘူဉာဏ် အခိုက်အတန့် ရောက်ရှိနေသူ ပုထုဇဉ်လူ၊ ရဟန်းများအားလဲ လှူရမယ်။ ဒါက ပုထုဇဉ်တွေ အလှူခံမြတ်ပုံပါပဲ။ ၆။ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်။ (အရိယာအဆင့်ဆင့် မြတ်ပုံတွေကတော့ သိသာပြီလေ။) ကဲ-ဒီအတိုင်းဟောမှ ဘုရားဟောထားတဲ့အတိုင်း မှန်တာပါ။ သရဏဂုံ အစစ်အမှန်တည်သူ ကနေ စပြီးတော့ အမြတ်စား အလှူခံချည်းပါပဲ။ ဒီအတိုင်းမဟောဘဲ ကွက်ဟောမယ်ဆိုရင်တော့ လာဘ်လာဘငဲ့ဟောတဲ့ အဓိပ္ပာယ် ရောက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်စုံတစ်ယောက်သော သူဟာ မူလတရားတော်တို့ကို လိုရာဆွဲပြီး ဖျက်ဟောမယ်ဆိုရင် အင်မတန်မှ အပြစ်ကြီးပါတယ်။ ဒီထက်ဆိုးတာကတော့ ပရိယတ္တိဝန်ထမ်းတွေကို မလှူချင်အောင် အားကိုးချင်စိတ်ပျောက်အောင် ဟောမိပြောမိခဲ့ရင် သာသနာကို ဖျက်ရာရောက်ပါတယ်။ ဘုရားကို စော်ကားရာ ရောက်ပါတယ်။ ကိုယ့်ဆရာကိုယ် ပြန်သတ်ရာလဲ ရောက်ပါတယ်။ ယောဂီတွေ ဒီလိုနေ ဒီလိုထိုင် ဒီလိုမှတ်-ဆိုတာတွေဟာ တကယ်တမ်းက ပရိယတ္တိကိစ္စ သက်သက်ပဲ သင်ပေးနေတာ၊ စာချပေးနေတာပါ။ ယောဂီက အဲဒီအတိုင်းကျင့်မှ ၀ိပဿနာတွေ ဖြစ်မှာပေါ့။ သူတို့ကိုယ်တိုင်လဲ ကျင့်မှ ၀ိပဿနာဉာဏ်တွေ ရှိနေကြမှာပေါ့။ ဒါကလေးတွေ သင်ပေးပြပေးရုံနဲ့ သူတို့မှာ ၀ိပဿနာဉာဏ်တွေ ရှိနေကြပြီလို့-ပြောလို့ ရသေးတာ မဟုတ်ဘူး။ ၀ိပဿနာ ရှိနေသူတွေဟာ မဂ်ဉာဏ်ကို ရှာနေသူတွေပါ။ ၀ိပဿနာဉာဏ်တွေကို စုစည်း သိမ်းဆည်းနေကြတာပါ။ အသိဉာဏ်၊ အကျင့်ဉာဏ် (အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်) တွေကိုသာ အဆင့်အားလျော်စွာ တည်ဆောက်နေကြတာပါ။ အခြား ဗဟိဒ္ဓပစ္စည်းတွေကို အရေးထားကြတာ မဟုတ်ပါဘူး။ မဂ်ဉာဏ်ကိုရှာနေသည့် အချိန်နှင့် အခြားဟာတွေကို ရှာနေသည့် အချိန်တို့ကို ယှဉ်ကြည့်လျှင်...။ တရားအသိဉာဏ်၊ တရားအကျင့်ဉာဏ်ကသာ တည်မြဲတဲ့ အားကိုးရာပဲ။ စုထားနိုင်လေလေ၊ သိမ်းထားနိုင်လေလေ၊ တန်ဖိုးကြီးလေလေ၊ ဈေးတက်လေလေ၊ အဖိုးတန်လေလေပဲ ဆိုတာကို ၀ိပဿနာဉာဏ် (တကယ်ရှိသူတိုင်း) အသေအချာ သိကြပါတယ်။ မန္တလေးမြို့၊ စိန်ပန်း၊ ရတနာပုံ၊ မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဝံသဆိုရင် ပင့်ချင်မှပင့်၊ မပင့်ချင်နေတော့၊ မင်္ဂလာဆောင်တောင်မှ ၀ိပဿနာစပ်ဆိုင်ရာတရားပဲ ဟောပါတယ်။ ဆရာတော်ကြီး သက်တော်ထင်ရှား ရှိပါသေးတယ်။ သွားရောက် နာယူကြည့်ကြစေချင်လိုက်တာ။ ပဋိပတ္တိဝန်ထမ်းဘ၀ စတင် တာဝန်ယူကတဲက ၀ိပဿနာအလုပ်ပဲလုပ်ဖို့ အဓိဋ္ဌာန်ချထားတဲ့အကြောင်း စာရေးသူကို ရှင်းပြဖူးပါတယ်။ ဆရာတော့်ထံမှာ ဆယ့်သုံးရက်မျှ တရားဝင်ဖူးပါတယ်။ ၀ိပဿနာနဲ့ ပတ်သက်တဲ့ ဆရာတော်ကိုယ်တိုင်ရေး မှတ်တမ်း (ပါဠိ+အဋ္ဌကထာ+ဋီကာ+ အာစရိယ၀ါဒ) များ စာအုပ်လိုက် ကျပျောက်ခဲ့ရခြင်းကြောင့် ၎င်းမှတ်စုမျိုး ရေးပေးဖို့ စာရေးသူကို တိုက်တွန်းဖူးပါတယ်။ (အကူအညီ တောင်းဖူးပါတယ်။ စာရေးသူဘက်က မစွမ်းနိုင်သေးပါ။) `တပည့်တော်မှာ `ဆရာတော့်ကို ဖူးချင်လို့ပါ´ ဆိုတာတွေနဲ့ အချိန်ကုန်နေရတာပါ။ စာကို ကြည့်ချိန်မရဘူး။ ညပိုင်းကလေး တရားထိုင်ဖို့တောင် မနဲကြိုးစားရတယ်။ ဒါလဲ နေ့ပိုင်းက အနေအထိုင် အဆင်မပြေရင် အားထုတ်ရတာ မကောင်းဘူး။ လူက ပန်းတယ်၊ မခံနိုင်ဘူး။ `ဒါကြောင့် ဟို-သမညဖလသုတ်ထဲက ဟတ္ထကုက္ကုစ္စ၊ ပါဒကုက္ကုစ္စ (လက်ခြေမလှုပ် တည်ငြိမ်လျက်) ဆိုတာမျိုးကလေးတွေကစလို့ ၀ိပဿနာနဲ့ စပ်ဆိုင်သမျှ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အာစရိယ၀ါဒ စာပိုဒ်ကလေးတွေကို ကျမ်းညွှန်းနဲ့တကွ ရှာဖွေမှတ်သားပေးစမ်းပါ´ စသည်ဖြင့် မိန့်တော်မူဖူးပါတယ်။ ဒီလိုဆရာတော်မျိုးမှာတောင် ဒီလိုမျိုးဝိပဿနာဉာဏ် ဖြစ်ပေါ်ချိန် ရှားပါးလှပါဘိတယ်ဆိုတော့ ၀ိပဿနာဉာဏ်အပေါ် ပေါ့ပေါ့ကလေး သဘောထားတဲ့သူတွေ သံဝေဂဖြစ်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်မိဖို့ ကောင်းပါတယ်။ `၀ိပဿနာဉာဏ် ရှိနေသူသာ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ် ဖြစ်သည်ဆိုသော အချက်နှင့်စပ်၍ ဒကာ ဒကာမများ အသိအမြင် မမှားအောင် ရေးသားပါဦးမည်´ ဟု စာရေးသူ ဆင်ခြင်မိသောအခါ `ဓမ္မံ သရဏံ ဂစ္ဆာမိ´ကို ရှေးဦးစွာ သတိရမိပါသည်။ `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာ၊ အားထားရာ၊ မှီခိုရာ-ဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ အသိအမှတ် ပြုပါ၏´ဤသို့သာ အဋ္ဌကထာ၊ ဋီကာတို့နှင့် ဆရာတော်များက အနက်အဓိပ္ပာယ် ဖွင့်ပြကြပါသည်။ တရားဆယ်ပါးတို့တွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တစ်ပါး=ပေါင်း ကိုးပါးတို့ကို ပဋိဝေဓဟု ခေါ်ပါသည်။ ပရိယတ်ဟု ဆိုအပ်သော ပိဋကတ်သုံးပုံ ဗုဒ္ဓစကားတော်တို့ကို ပရိယတ်တရားဟု ခေါ်ပါသည်။ ဤကိုးကွယ်ရာတရား ၁၀-ပါးတို့တွင် ပဋိပတ်တရားမှာ မုချတိုက်ရိုက်အားဖြင့် ကိုယ်ထည်ထင်ထင် ပါဝင်ခြင်းမရှိချေ။ `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ (ပဋိပတ်) အားဖြင့် ဆယ်ပါးသော တရားတော်ကို´ဟု မည်သည့် အဋ္ဌကထာ၊ ဋီကာကမျှ ဖွင့်ပြထားခြင်း မရှိချေ။ `ဤသို့ ဖွင့်ပြမှု မရှိခြင်းမှာ ဒါနကျင့်စဉ် ပဋိပတ်တရားများ၊ သီလကျင့်စဉ် ပဋိပတ်တရားများ၊ သမထကျင့်စဉ် ပဋိပတ်တရားများ၊ ၀ိပဿနာကျင့်စဉ် ပဋိပတ်တရားများက ကိုးကွယ်ရာ အားထားရာ မဟုတ်ကြသောကြောင့် ဖွင့်ပြမှုမရှိခြင်းဖြစ်သည်´ဟု အဓိပ္ပာယ် မယူရချေ။ `၀ိပဿနာဉာဏ်ရှိသူသာ အမြတ်ဆုံးအလှူခံ ဖြစ်သည်´ ဟု ယူမိကြလျှင်၊ `ဒါနတရားသည် ကိုးကွယ်ရာမဟုတ်´ စသည်ဖြင့် ယူမိကြလျှင် အလွန် မှားပေလိမ့်မည်။ ဒါနပဋိပတ်တရား အစရှိသော ပဋိပတ္တိတရားများသည်လည်း ကိုးကွယ်ရာ (သရဏ) များပင် ဖြစ်ကြသည်မှာ ယုံမှားဖွယ် မရှိချေ။ သို့ပါလျက် အဋ္ဌကထာ၊ ဋီကာနှင့် ဆရာတော်တို့က ဓမ္မသရဏအရတွင် ပဋိပတ်တို့ကို ဖွင့်မပြခြင်းမှာ လုံလောက်သောအကြောင်း ရှိပါသည်။ (စာမတတ်လျှင် မသိနိုင်ပါ။) ဤနေရာ၌ မေးခွန်းတစ်ခု မေးလိုပါသည်။ ပဋိပတ်တရားသည် အဘယ်မှ လာသနည်း.. ဟူ၍ပင် ဖြစ်ပါသည်။ အဖြေကား-ပရိယတ္တိခေါ် ပိဋကတ်သုံးပုံ ဗုဒ္ဓစကားတော်တို့မှ လာသည်။ မှန်၏။ ဗုဒ္ဓပိဋကတ်တော်နှင့်ကင်းလျှင် ၀ိပဿနာဟူ၍ပင် မရှိကောင်းချေ။ ထို့ကြောင့် သာသနာပကာလတို့၌ ပစ္စေကဗုဒ္ဓါတို့မှာသာ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ ရှိနိုင်ကြသည်။ ကျန်ပုဂ္ဂိုလ်တို့၌မူ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် မရှိကောင်းချေ။ (မဟာပရိနိဗ္ဗာနသုတ္တ၊ ပါဠိတော်။) ဤသာသနာတွင်း ကာလ၌လည်း ဗုဒ္ဓစကားတော်တို့နှင့် ကင်းလျှင် ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် မရှိကောင်းချေ။ ရိပ်သာဆရာတော်များသည် ပိဋကတ်ခေါ် ပရိယတ်တရားများကို သင်ကြားတတ်မြောက်ပြီးသား ဖြစ်ကြရပေမည်။ ပိဋကတ်မတတ်ဘဲ ၀ိပဿနာဆရာလုပ်လျှင် မိမိကိုယ်ကို တူးဖြိုရာရောက်ပေလိမ့်မည်။ (စွန်းလွန်းဆရာတော်ကဲ့သို့သော ပါရမီထူးရှိသူ အနည်းစုကို ခြွင်းချက်ထားပါသည်။) ထို့ကြောင့် ၀ိပဿနာ ဆရာများသည်လည်း စာသင်တိုက်မှာနေ၍ ပရိယတ္တိစာပေ သင်ကြား ရယူထားကြရပါသည်။ ၀ိပဿနာရှုမှတ်သူ ယောဂီများသည်လည်း ပိဋကတ်ခေါ် ပရိယတ်တရားများကို သင်ကြားတတ်မြောက်ပြီးသားချည်း ဖြစ်ကြရပေသည်။ သို့ရာတွင် လူပုဂ္ဂိုလ်များအဖို့ ပြည့်စုံအောင် စာသင်နေချိန် မရှိကြရှာပေ။ ပရိယတ္တိသင်ယူမှုကိစ္စကို အလုပ်ပေးတရား မှတ်သားခြင်းမျှဖြင့် ပြီးကြရရှာပါသည်။ မှန်၏။ ဤအလုပ်ပေးတရား နာယူခြင်းသည် စင်စစ်အားဖြင့် ပရိယတ္တိကို အကျဉ်းချုပ်အားဖြင့် သင်ယူခြင်း (စာသင်ခြင်း) သာ ဖြစ်ပါသည်။ ဤသို့လျှင် ပရိယတ္တိနှင့်ကင်း၍ ပဋိပတ္တိဟူသည် မရှိကောင်းသောကြောင့် `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်ကို´ဟုသာ ဖွင့်ပြခြင်း ဖြစ်ပါသည်။ ပရိယတ္တိကို မုချအားဖြင့် တိုက်ရိုက်ယူ၍ (ယင်းပရိယတ္တိအရဖြင့်ပင်) ပဋိပတ္တိကိုလည်း ကာရဏူပစာရတ္ထအားဖြင့် ယူရသည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် ပဋိပတ္တိခေါ် ဒါနကျင့်စဉ်၊ သီလ ကျင့်စဉ်၊ သမထကျင့်စဉ်၊ ၀ိပဿနာကျင့်စဉ် တို့သည်လည်း ဓမ္မဖြစ်သည်-သရဏ ဖြစ်သည်ဟုသာ မှတ်ယူရပါသည်။ ဤသို့ ယူမှသာလျှင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူသော သာသနာသုံးရပ် ပြည့်စုံ၍ ကျမ်းဂန်ချင်း နှီးနှောမိပါသည်။ (စာမတတ်လျှင် မသိ။) တိုက်ရိုက်အားဖြင့် မပါသောကြောင့် ဓမ္မအရ (ဓမ္မသရဏအရ)တွင် ပဋိပတ္တိတရားကို မယူရ၊ ပဋိပတ္တိတရားသည် ဓမ္မမဟုတ်ဟု ဇွတ်ဆွဲယူလျှင် အမှားကြီး မှားမည်သာတည်း။ ဥပမာမူ...၀ိပဿနာဉာဏ် ရှိသူအား လှူမှသာ အမြတ်ဆုံးဖြစ်သည်။ ၀ိပဿနာဉာဏ်ရှိသူ ဆိုတာကလဲ တို့ရိပ်သာထဲမှာသာ ရှိသည်ဟုဆိုသော အမှားမျိုးပေတည်း။ ဤမျှလောက် ရေးသားတင်ပြလျှင် ဗုဒ္ဓဘာသာဝင် စာဖတ်ပရိသတ် ဒကာ ဒကာမတို့ အတွက် ပရိယတ္တိ သာသနာ့ဝန်ထမ်း ရဟန်းစာဆိုတစ်ပါး၏ တာဝန်ကျေပွန်ပြီဟု ခံယူပါသည်။ ပရိယတ္တိကို အားမကိုးထိုက်အောင် ဟောပြောရှုတ်ချလျက် တို့ရိပ်သာက အလှူခံပုဂ္ဂိုလ်တို့က အမြတ်ဆုံးဖြစ်အောင် အသိမှားများ ဝေငှရိုက်သွင်းနေသော ဆရာမျိုးမှာ အစာပေး၍ မွေးမြူခဲ့သော ကျေးဇူးရှင်ရသေ့ကို သတ်သည့် ဆင်မိုက်နှင့်တူကြောင်း၊ (သို့မဟုတ်) သပိတ်၊ သင်္ကန်း၊ ဆွမ်း၊ ရေချမ်း ပြင်ဆင်ဆက်ကပ် လုပ်ကျွေးနေသော တပည့်ကို ရိုက်ပုတ်စော်ကားသည့် ဆရာမိုက် (ဥပဇ္ဈာယ်ဆရာ) နှင့်တူကြောင်း စပ်ဟပ် ဖော်ပြလျက် ဤစာမူကို နိဂုံးကြီး ချုပ်လိုက်ပါသည်။ «မန္တလေး၊ စိန်ပန်း၊ ရတနာပုံ၊ မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဝံသထေရ် ကဲ့သို့ သော မှန်ကန်ရိုးသား တရားပြသည့် ပဋိပတ္တိဝန်ထမ်း ကျေးဇူးတော်ရှင် ထေရ်ရဟန်းများသို့ ဦးညွတ်ရိုကျိုး ရှိခိုးပူဇော်ပါ၏။ ဤကုသိုလ် ဤစေတနာတို့ကြောင့် သာသနာဝင် ဒကာ ဒကာမများ အမြင်မှန် ရရှိကြပါစေသော်။ မိတ်ဆွေယောင်ဆောင်ထားသည့် သာသနာ့ရန်သူများကို ရှောင်ရှားနိုင်ကြပါစေသော်။»
Print Friendly and PDFPrintPrint Friendly and PDFPDF

ရှောင်ကွယ် ဓမ္မ အန္တရာယ်များ

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ကျွန်ုပ်တို့သည် အ၀ိဇ္ဇာ အမှောင်ထုကြောင့် ၀ိဇ္ဇာဉာဏ်ကင်းပျောက်ကာ နိဗ္ဗာန်သို့ မျက်မှောက် မပြုနိုင်ဘဲ ရှိခဲ့သည်မှာ ဂင်္ဂါဝါလု သဲစုမကအောင် ဘုရားအဆူဆူလည်း ပွင့်တော်မူခဲ့ပြီ၊ အသင်္ချေအနန္တ ဒုက္ခသည် ဘ၀တွေလည်း စုံခဲ့ပြီ၊ မာနတံခွန် အလံထူပြီး လူ့ချမ်းသာ စကြာမင်း၊ နတ်ချမ်းသာ သိကြားမင်းနှင့် ကမ္ဘာများစွာ သက်တန်းရှည်ကြာ ဈာန်ချမ်းသာ ခံစားပြီး ဗြဟ္မာမင်းကြီး အဖြစ်နှင့်လည်း ဘ၀များစွာ ခံစားခဲ့ချေပြီ။ ရရှိထားသည့် ချမ်းသာလေး အစဉ်မြဲနေသည် အထင်တစ်လုံးနှင့် ရကျိုးမနပ်ခဲ့သည့်အဖြစ်တို့နှင့်သာ စုံခဲ့လှပေပြီ။ သာသနာနှင့်လည်းကြုံ၊ သာသနာကိုလည်း ကြိုက်နှစ်သက်ကာမှ မြတ်ဗုဒ္ဓ ဒေသနာတော်က နားထဲသို့ ရောက်ခွင့်ရကာ နှလုံးသားမှာ ဘုရားတည်နိုင်ကြ၏။ သာသနာနှင့်လည်း မကြုံ၊ ကြုံဆုံပင်ငြားသော်လည်း သာသနာတော်ကိုမကြိုက်တော့ အမှားနောက် ကောက်ကောက် ပါအောင် တောက်လျှောက်လိုက်နေရသည်နှင့် ဘုရားစကား နားမချမ်းသာ ကုလားမည်း မြက်ထမ်းသမားလို တရားနာရာ၌ ခါးလည်းပူ နာလည်းပူတွင် ခါးကိုသာအပူခံနိုင်၊ နားကိုတော့ အပူမခံနိုင်သကဲ့သို့ဖြစ်ပြီး နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာကို ပယ်ခွင်းကြကုန်၏။ အ၀ိဇ္ဇာ- မသိမှုကြောင့် “ပေါက်တတ်ကရတွေ အတော်လုပ်တတ်တဲ့ကောင်”ဟူ၍ လောကီ အလုပ်တို့တွင် အသုံးမကျမှုတို့ကို အချင်းချင်း ကဲ့ရဲ့ခြင်းပြုကြ၏။ လောကုတ္တရာပညာရဖို့ အ၀ိဇ္ဇာ အဓိပ္ပါယ်မှာ- - သိသင့်တာတွေကို မသိတာ အ၀ိဇ္ဇာ၊ - မသိသင့်တာတွေကို သိနေတာ သည်လည်း အ၀ိဇ္ဇာပင်ဖြစ်၏။” သိသင့်တာတွေကို သိမထားတော့ ကိုယ်ထင်ရာ လျှောက်လုပ်တော့၏။ မသိသင့်တာ တွေကိုသာ သိထားပြန်တော့လည်း ကိုယ်လုပ်တာ အမှန်ထင်ပြီး လျှောက်လုပ်ပြန်ပါသည်။ ဘုရားစကားကို ပယ်ခွင်းမိလို့ ထိုထိုသော အမှားတွေရင်းပြီး ရရှိခဲ့သည့်အမြတ်တို့မှာ ဘ၀၏ ဒုက္ခဇာတ်လမ်း၌ ဆက်လက်ကာ သရုပ်ဆောင်နေကြရသည့်အဖြစ်နှင့် အာမငြောင်းတမ်း ဆို၊ မျက်ရည်မခန်းစတမ်း ငိုကြရပြီး ကွေးနေအောင် က၊ ဆွေးနေအောင် လွမ်းပြကြရင်း မငြီးငွေ့စတမ်း နေခဲ့ကြသည်မှာ ကမ္ဘာအသင်္ချေအနန္တ ရှိခဲ့လေပြီ။ ဒုက္ခ၏အဆုံး၊ ချမ်းသာခြင်း၏အမွန်မြတ်ဆုံးဖြစ်သည့် သန္တိသုခ(နိဗ္ဗာန်)သို့ အလျှင်မြန်ဆုံး မျက်မှောက်မပြုနိုင်အောင် တားဆီးတတ်သည့် ဓမ္မအန္တရာယ်များကို လွန်ကျူးလွန်မိခဲ့ခြင်း ကြောင့် ပါရမီတော်ဆည်းပူးခဲ့သည့် အလောင်းတော်ကြီးများပင် အာသဝေါကုန်ခန်းအောင် ကျင့်ကြံပြီးသော်လည်း လောကဓံဒုက္ခဆိုးတို့ဖြင့် ပရိနိဗ္ဗာန်ပြုကြရသည့်အဖြစ်တို့ ရှိခဲ့ကြပေ သည်။ လောကတွင် ပြောကြသည့် “အသေဆိုးလိုက်တာ”ဟူ၍ဖြစ်၏။ အသေဆိုးခြင်း၊ လှခြင်းကို ခန္ဓာကိုယ်ပျက်ယွင်းမှုနှင့် လောကလူတို့ တိုင်းတာကြခြင်းဖြစ်ပါသည်။ အမှန်မှာ ဘုရားရှင်အလိုတော်အရ ဘ၀မှန်က ဘယ်ဘ၀မှ မကောင်း၊ ဘ၀ဆုံးသည့် နိဗ္ဗာန်သာလျှင် အမွန်မြတ်ဆုံးအဖြစ် ဘုရားရှင် ဆုံးမတော်မူသောကြောင့် အာသဝေါကုန်ခန်းပြီးလျှင် ပုံစံမျိုးစုံ ဖြင့် သေ၊ ထိုသူ အသေလှသူဖြစ်၏။ သေပြီးနောက် ဘ၀ရှိနေသေးလျှင် ထိုသူ အသေမလှ သေးပေ။ အသေလှခြင်း မလှခြင်းက နောင်၊ မသေခင်ရှောင်ကြရမည့် ဓမ္မအန္တရာယ်များကိုကား နိဗ္ဗာန်မရခင် ကြားကာလ၌ သိထားကြရမည့် အချက်များဖြစ်သောကြောင့် ရှောင်သင့် သည်များကို ရှောင်၊ ဆောင်သင့်သည်များကို ဆောင်နိုင်ကြရအောင် ဤဓမ္မဆောင်းပါးဖြင့် သံသရာတစ်လျှောက် မတော်စပ်ခဲ့ဘူးသော ဆွေမျိုး၊ မတင်ခဲ့ဘူးသော ကျေးဇူးမည်သည် မရှိရိုး အမှန်ပင်ဖြစ်ခြင်းကြောင့် ထို ကျေးဇူးတရားတို့ကို ဦးညွှတ်ပြီး ကျေးဇူးဆပ် ရေးသား တင်ပြလိုက်ပါသည်။ အမှတ်(၁) ဓမ္မ အန္တရာယ်- “ကံမန္တရာယ်” “ကောင်းတာလုပ်က ကောင်းကျိုးရ၊ မကောင်းတာလုပ်က ဆိုးကျိုးရ”သည်မှာ ဗုဒ္ဓဘာသာဝင် တိုင်း သိရှိထားကြသည့် အခြေခံသမ္မာဒိဋ္ဌိ အစဦးဆုံး အမြင်မှန်တရားဖြစ်၏။ ထိုအမြင်မှန် တရား စဦးဖြာ၍ ယုံကြည်လက်ခံမှု မရှိကြသူများမှာ အမှန်(၁)ဓမ္မအန္တရာယ်များကို ကျူးလွန် မိတတ်သည်မှာ မလွဲဧကန်သာဖြစ်ပါသည်။ ထို့ကြောင့် သာသာနာပ ကာလတို့၌ ထိုကံကို ကျူးလွန်မိကြသောကြောင့် ဘ၀အသေင်္ချေ အပါယ်ဆင်းရဲတွင် ခံစားကြရ၏။ ဘုရားရှင်တရား နာကြားခွင့် မရရှိလို့ ကံ,ကံ၏အကျိုးကို သိခွင့်မရဘဲ ကျူးလွန်မိကြသည်ကို အသာထား၊ ဘုရားရှင် ပွင့်ထွန်းချိန်တွင် သစ္စာလေးပါးတရားတွေ တသွင်သွင်ဟောကြားနေစဉ်ကာလ၌ ဘုရားရှင်ကို ကန့်လန့်တိုက်သည့် အရှင်ဒေ၀ဒတ်လို ပစ္စေကဗုဒ္ဓအလောင်းအလျာသည်ပင် ဘုရားနားကပ်၍ မိုက်ခဲ့မိလို့ ယခု အ၀ီစိတွင် ခံစားလို့ နေရချေပြီ။ မဂ်ဖိုလ်ကို တားမြစ်သည့် ထို အမှတ်(၁) ဓမ္မအန္တရာယ်တို့မှာ ပဉ္စာနန္တရိယကံ (၅)ပါးတို့ ဖြစ်ကြ၏။ ၎င်းတို့မှာ- (၁) မာတုဃာတက = အမိကို သတ်သောကံ၊ (၂) ပိတုဃာတက = အဖကို သတ်သောကံ၊ (၃) ရဟန္တဃာတက = ရဟန္တာအရှင်မြတ်ကို သတ်သောကံ၊ (၄) လောဟိတုပ္ပါဒက = ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမိသောကံနှင့် (၅) သံဃဘေဒက = ဘုရားသား သံဃာတော်များအား အချင်းချင်း ညီညွတ်မှုမရှိအောင် သံဃာဂိုဏ်းခွဲသောကံ တို့ဖြစ်ကြ၏။ ထိုငါးပါးသောကံတို့တွင် သံဃာဂိုဏ်းခွဲသောကံကို လူတို့မကျူးလွန်နိုင်၊ ဘုရားသားတော်များ ချင်းသာ ကျူးလွန်နိုင်သောကံဟု မှတ်သားသိရှိရပါသည်။ အကြောင်းမှာ သံဃာတော်များ သိမ်တော်အတွင်း ဒေသနာကြား၊ ဥပုသ်ပြုကြရာ၌ ကျောင်းရှိ သံဃာတော်များ အညီအညွတ် ပြုလုပ်ကြသည်တွင် ညီညွတ်မှုမရှိဘဲ သံဃာအချင်းချင်း ဂိုဏ်းကွဲအောင် လုပ်ခြင်းမျိုး ဖြစ်ကြောင်း ကျေးဇူးရှင်ဆရာတော်ဦးဇ၀န၏တရားမှ မှတ်ချက်စကား နာကြားခဲ့ရပါသည်။ ဆရာ့စကားလည်း ထောက်ခံ၊ လွန်ပို၍နာခံတတ်ကြစေရန် အကြံပြုလိုသည်မှာ လူတို့လုပ်က ထိုကံ မဟုတ်ဟု မမှတ်ယူမိကြစေရာ၊ မကျူးလွန်မိဖို့သာ သတိတရား လက်ကိုင်ထား၍ ရှောင်ရှားသင့်ပါပေသည်။ ပဉ္စာနန္တရိယကံ ကျူးလွန်မိ၍ ဒုက္ခတွေ အလူးအလဲ ခံ၊ မဂ်ဖိုလ်ကို တော်လှန်မိကြသည့် ပုဂ္ဂိုလ်တို့၏ သာဓကများမှ ပမာတစ်ခု ပြရပါလျှင် ဘုရားရှင်လက်ထက်က အဖသတ်သား မင်းတရား အဇာတသတ်မင်းကြီးကို ပြဆိုပါမည်။ မင်းကြီးသည် “သာမညဖလသုတ်”- ရဟန်းပြုရခြင်း၏ အကျိုးတရားတွေကိုပြဆိုသော တရားတော်ကြီးကို နာကြားပြီးမှ အမြင်မှန်ရရှိကာ သူတော်ကောင်းဘ၀ ရောက်ရှိခဲ့သူဖြစ်ပြီး သာသနာတော်စည်ပင်ကြောင်း အတွက် ပထမသင်္ဂါယနာတင်ရန် ထောက်ပံ့ပေးနိုင်ခဲ့သော မင်းတရားကြီးဖြစ်ခဲ့၏။ သာမည ဖလသုတ် တရားတော်ကို နာကြားပြီးနောက် ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ဘုရားရှင်အား ကြည်ညိုကြ သော ဒကာ ဒကာမတို့တွင် အမြတ်ဆုံး၊ အသာဆုံးသူ ဖြစ်ခဲ့၏။ အဖကို နန်းချ၍ မင်းအဖြစ် အတင်းလုပ်ကာ အဖခြေဖ၀ါးကို ဓားဖြင့်ခွဲ၊ အစာငတ်အောင်ထားပြီး ရက်ရက်စက်စက် သတ်ခဲ့ခြင်း ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်မိခဲ့သောကြောင့် သာမညဖလသုတ် နားကြားပြီး လျှင် သောတာပန်တည်နိုင်လောက်သည့် ပါရမီရှိထားသော်လည်း မဂ်ဖိုလ်နှင့် လက်တစ်ကမ်းအလိုတွင် ထို ပဉ္စာနန္တရိယကံ မဟာတံတိုင်းကြီး ကာဆီးထားခြင်းကြောင့် မဂ်ဖိုလ်နှင့်ဝေးကာ သေပြီးနောက် အပါယ်ဘုံဒုက္ခဘေးသို့ ကျရောက်ရ ရှာလေသည်။ မြတ်စွာဘုရားရှင်က ကယ်တင်ရှင်လည်း မဟုတ်သော၊ ဖန်ဆင်းရှင်လည်း မဟုတ်သော၊ ကိုယ့်အလုပ် ကိုယ်ပြီးအောင်လုပ်တတ်ဖို့သာ လမ်းညွှန်ပေးတော်မူသော အရှင်ဖြစ်၏။ ဘုရားရှင်၏ဆုံးမစကားအတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာခြင်းကြောင့် ပဉ္စနန္တရိယကံ ကျူးလွန်မိသူဖြစ်လျှင် မည်သူမဆို ထိုအတိုင်း အကျိုးပေးခြင်းဖြစ်၏။ ထိုအတိုင်း ခံစားရမည်သာဖြစ်၏။ ဤကဲ့သို့ မဂ်ဖိုလ်ကိုလည်း တားမြစ်၊ အပါယ်သို့လည်း ချပစ်တတ်သည့် အမှတ်(၁) ဓမ္မ အန္တရာယ်ကြီးကို ပမာထုံး နှလုံးမူပြီး လူ့အဖြစ် မရှုံးရအောင် ရှောင်ကြဉ်နိုင်ကြ သည့်အပြင် မိဘကျေးဇူးကိုလည်း ဆပ်၊ သံဃာတော်အရှင်သူမြတ်တို့ကိုလည်း ထောက်ပံ့ ကြပြီး အိမ်တွင်း၌ ဘုရားရှင်ကြွရောက်နေသလို ဆွမ်း ပန်း ရေချမ်း၊ ဆီမီး ခဲဖွယ် အသွယ်သွယ်တို့ဖြင့် သူ့အချိန်နှင့်သူ လှူဒါန်းဆက်ကပ်ပြီး အထူးထူးသော ကုသိုလ်မြတ် တို့ကို လက်မလွတ်စတမ်းအရယူကာ သာသနာနှင့် တွေ့ကြုံကျိုးနပ်သူများဖြစ်အောင် ကျင့်ဆောင်ကြပါလေ။ အမှတ် (၂) ဓမ္မ အန္တရာယ်- “ကိလေသန္တရာယ်” ကိလေသ ရန်စွယ် ခပင်းမကျန်အောင် ပယ်ခွင်းပြီးမှ ဇာတိဇာတ်က ရပ်တန့်မည်ဖြစ်၏။ ကိလေသာဆယ်ပါးမှ မဂ်ဖိုလ်ကို အဓိကတားဆီးသည့် အမှတ်(၂) ဓမ္မ အန္တရာယ်ကြီးမှာ အယူမှားသည့် ဒိဋ္ဌိကိလေသာတရားပင်ဖြစ်၏။ ဒိဋ္ဌိ (၃၂) မျိုးရှိရာတွင် ခြုံငုံ၍သိထားသင့်သည့် ဒိဋ္ဌိတို့ကိုသာ ဖော်ပြပေးပါမည်။ ၎င်းတို့မှာ- (၁) သက္ကာယဒိဋ္ဌိ = ခန္ဓာငါးပါး ပရမတ္ထတရားဖြစ်သော ရုပ်၊ နာမ်တရားတို့ကို “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ဒူး၊ ပေါင်၊ ခါး၊ ခြေ၊ လက်၊ သား၊ သမီး၊ မြေး၊ မြစ်”ဟု အမြင်မှားခြင်း။ (၂) သဿတဒိဋ္ဌိ = ခိုင်သည်၊ မြဲသည်၊ တည်သည်၊ တန့်သည်၊ ဘ၀ကူးသည်၊ ဘ၀ဆက် သည်၊ အသက်ဆက်သည်၊ လိပ်ပြာခွဲသည်၊ လိပ်ပြာခေါ်သည်၊ လိပ်ပြာစင်သည်၊ ကူးတို့ခ ထည့်သည်ဟု အယူဝါဒရှိခြင်း။ (၃) ဥစ္ဆေဒဒိဋ္ဌိ = ပြတ်သည်၊ စဲသည်၊ ယခုဘ၀ သေပြီးလျှင် နောင် ဘာမှ မဖြစ်တော့ဘူးဟူ၍ အယူမှားခြင်း။ (၄) နိယတမိစ္ဆာဒိဋ္ဌိ = စွဲစွဲမြဲမြဲ သေသည်အထိ ယူထားသော အယူရှိသည့် နိယတမိစ္ဆာဒိဋ္ဌိ သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ- (က) နတ္ထိကဒိဋ္ဌိ = ဘာလုပ်လုပ် အကျိုးတရားမရှိဟု ယူဆခြင်း (ကောင်းကျိုး၊ ဆိုးကျိုး တစ်စုံတစ်ရာ မရှိဟူ၍ ယူခြင်း)။ (ခ) အဟေတုကဒိဋ္ဌိ = အကြောင်းတရားလည်း မရှိ၊ ကံတရားလည်း မရှိဟု ယူဆခြင်း (အကြောင်းကံကို ပယ်သောအယူ)။ (ဂ) အကိရိယဒိဋ္ဌိ = ကုသိုလ်၊ အကုသိုလ်မရှိဟု ယူဆခြင်း (ကောင်းမှုပြုသော်လည်း ပြုသည် မမည်၊ မကောင်းမှုပြုသော်လည်း ပြုရာမရောက်ဟု ယူသောအယူ) တို့ ဖြစ်ကြပါသည်။ ထို အမြင်မှား၊ အယူမှား ဒိဋ္ဌိတရားများက မဂ်ဖိုလ်ကို တားဆီးကြ၏။ ထို့ကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “တရား နောက်မှ အားထုတ်၊ ဒိဋ္ဌိ အရင်ဖြုတ်”ဟူ၍ ကရုဏာတရား ရှေ့ထား၍ ဆုံးမထားခဲ့ခြင်းဖြစ်၏။ မဟာကရုဏာရှင် မြတ်စွာဘုရားကလည်း ဒိဋ္ဌိကို အရင်ဦးစွာဖြုတ်ကြရန် ဥပမာပြ ဆုံးမတော်မူပုံမှာ- “ချစ်သား ချစ်သမီးတို့၏ ဦးခေါင်းထက်၌ မီးလောင်စွဲနေသည်ရှိသော် ထိုမီးသည် အဘယ်အရပ်၊ အဘယ်နေရာက ကူးစက်လောင်စွဲသည်ကို ခဏအသာထား၊ အရင်ဦးစွာ မီးကိုသာ ငြိမ်သတ်ဖို့ အားထုတ်ရ မည်” ဟူ၍လည်းကောင်း၊ “ချစ်သား ချစ်သမီးတို့၏ရင်ဝ၌ လှံစူးဝင်သည်ရှိသော် အဘယ် အရပ်၊ အဘယ်နေရာကလာပြီး စိုက်ဝင်လာသည်ကို စုံစမ်းရန် အသာထား၊ ဦးစွာ ရင်ဝတွင် စိုက်နေသော လှံကိုနှုတ်ပြီး ကုသရမည်”ဟူ၍ဖြစ်၏။ အမှတ် (၃) ဓမ္မ အန္တရာယ်- “၀ိပါကန္တရာယ်” ၀ိပါက၀ဋ်သည် အကျိုးပေး ဒုက္ခသစ္စာဖြစ်၏။ နိဗ္ဗာန် မရောက်မခြင်း နောက်ကနေ ထက်ကြပ်လိုက်နေပြီး အခါအခွင့်သင့်တိုင်း အကျိုးပေးနေတတ်သည့်သဘော ဖြစ်ပါသည်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကြောင့် အကျိုးပေးဒုက္ခသစ္စာရရှိခြင်းသည် အခြားသူ မဆိုထားနှင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင် “၀ိပါက်ကြမ္မာ မနေသာ”နိုင်ဘဲ ၀ိပါက်တော် (၁၂)ပါး အကြွေးကို တစ်ခုချင်း ကျေအောင် ပေးဆပ်တော်မူရလေသည်။ ထိုသို့ သံသာရ ၀ဋ်ဒုက္ခ နိဗ္ဗာန်မရမခြင်း လည်ကြရသည့် ထိုဒုက္ခ စက်ရဟတ်ကြီးသည် လောင်စာမီး တဏှာငြိမ်းမှ ဘ၀ဇာတ် အပြီးတိုင်သိမ်းပြီး ချုပ်ငြိမ်းကြရမည်ဖြစ်၏။ ထို့ကြောင့် ဘ၀ဇာတ် မသိမ်းသေးခင်မှာတော့ ၀ိပါက၀ဋ် နောက်ကပါနေဦးမည်သာ။ ဘုရား၊ ရဟန္တာ အရှင်မြတ်များ၌ ကိလေသာ အာသဝေါတရား ကုန်ခန်းသော်လည်း ၀ိပါက၀ဋ် မကုန်သေးခြင်းမှာ ခန္ဓာကိုယ် အကြွင်းရှိနေသေးသောကြောင့် ဖြစ်ပါသည်။ စာလိုအားဖြင့် သဥပါဓိသေသ နိဗ္ဗာန် (ခန္ဓာကိုယ်အကြွင်းရှိသောနိဗ္ဗာန်)သာ ရရှိထားသောကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ် အကြွင်းမရှိတော့သော(အဏုပါဓိသေသနိဗ္ဗာန်) ရရှိမှသာ ဒုက္ခအားလုံးရပ်ပြီး အငြိမ်းကြီး ငြိမ်းတော်မူနိုင်ကြလေကုန်၏။ ခန္ဓာရှိနေသေးလျှင် ၀ဋ်ဒုက္ခရှိနေသေး၏။ ဘုရား၊ ရဟန္တာတို့ သည် ကိလေသာမရှိခြင်းကြောင့် နောင်ခန္ဓာ မလာနိုင်တော့ပေ။ ထိုသို့ ပရိနိဗ္ဗာန်ပြုပြီးမှ အငြိမ်းဓာတ် ကိန်းနိုင်ကြသော်လည်း ပရိနိဗ္ဗာန်မပြုခင်၌ ကိုယ်သာနာ၍ စိတ်မနာကြတော့ဘဲ ကျန်ရှိသည့် ၀ိပါက၀ဋ်ကို ခန္ဓာဖြင့် ၀ဋ်ကြွေးဆပ်ရ၏။ ၀ိပါက၀ဋ်တို့၌ ယခုဘ၀ တရားမရနိုင်သည့် အမှတ် (၃) ဓမ္မ အန္တရာယ်ကြီးမှာ မိခင်ဝမ်း၌ သန္ဓေတည်ကတည်းက ပညာဉာဏ်- အမောဟဟိတ် မပါခဲ့ခြင်းပင်ဖြစ်သည်။ ထို အန္တရာယ် ကြီးမှာ ယခုဘ၀ နိဗ္ဗာန်ရရေး ရှောင်ရှားလို့ ရနိုင်သည့်အရာ မဟုတ်ပါပေ။ စာလိုအားဖြင့် ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါသည်။ ၎င်း၌ အလောဘဟိတ်နှင့် အဒေါသဟိတ်များရှိပြီး သာမန်အား ဖြင့် လောကီပညာအရာတွင် တိဟိတ်ပုဂ္ဂိုလ်နှင့် သိပ်မကွာလှဘဲ လောကုတ္တရာပညာအရာ၌ ပရမတ္ထသဘောတရားတွေကို ဒွိဟိတ်ပုဂ္ဂိုလ်တို့က နားမလည်နိုင်ကြောင်း မှတ်သားသိရှိရ ပါသည်။ စာရေးသူအနေအားဖြင့် ဒွိဟိတ်နှင့် တိဟိတ် ခွဲခြားကာပြဖို့အရေး အလွန်ပင် ၀န်လေး လှသည့်အတွက် ခွဲခြားကာ မပြတော့ပြီ။ ဆောင်ရမည့်အရေးတို့ကိုသာ အတိုးချကာ ကြိုးစားသင့်ကြောင်း အကြံပြုလိုသည်မှာ မိမိသည် ဒွိဟိတ် တိဟိတ် ဘယ်ဟိတ်များဖြစ်ပါလိမ့်ဟု ကိုယ့်ကိုယ်ကို မေးမနေသင့်။ ငါတော့ဖြင့် ဒွိဟိတ် ပုဂ္ဂိုလ်ဖြစ်လို့ တရားအားထုတ်လည်း အလကား၊ မရဖို့သာ များသည်ဟူ၍ လက်မှိုင်ချ ငေးမောနေရန်လည်း မနေသင့်။ လုပ်သင့်သည်မှန်သမျှတို့ကို ပညာရှိတို့ မှာကြားသည့်အတိုင်း တစ်တပ်တစ်အား ကြိုးစားကာ ကျင့်ကြံကြရပါမည်။ တစ်နည်းအားဖြင့် ဥပမာပြရပါလျှင် သစ်တုံးကြီးကို လွှဲဖြင့် ပိုင်းဖြတ်ရာ၌ “ပြတ်တာက သူ့အလုပ်၊ ဖြတ်ရမှာက ကိုယ့်အလုပ်”၊ ထိုနှစ်လုပ် ကွဲကွဲပြားပြားသိရှိကာ ကိလေသာပါးပြီးကင်းအောင် ဒါနကိုလည်း ပြု၊ သီလကို လည်း ဆောက်တည်၊ သမထ ၀ိပဿနာ ဘာဝနာတရားတို့ကိုလည်း ကြိုးကြိုးစားစား ကျင့်ကြံပွါးများ အားထုတ်ပါလျှင် အနာဂတ် မဝေးသောကာလတွင် နိရောဓသစ္စာကြီးကို အမှန်ပင် မြင်ရလိမ့်မည်ဟု ယုံကြည်စွာအားထုတ်ကြရပေမည်။ အမှတ် (၄) ဓမ္မ အန္တရာယ်- “အရိယူပ၀ါဒန္တရာယ်” အရိယာပုဂ္ဂိုလ် မဆိုထားနှင့်၊ မည်သူ့ကိုမျှ ပြစ်မှားစော်ကားလိုသောစိတ်များ မဖြစ်အောင် နေထိုင်ကျင့်ကြံသင့်၏။ နှုတ်ဖြင့်လည်း မပြုနှင့်၊ ကိုယ်ဖြင့်လည်း မပြုလေနှင့်။ ရန်ကိုရန်ချင်း မတုံ့ပြန် မိကြစေနှင့်။ ရန်စတွေ ပျိုးနေကြလို့ ငြိမ်းခွင့်မရသည့် ဒုက္ခတရားတွေကို သံဝေဂ ဉာဏ်ဖြင့်ကြည့်ရှုကာ အမြဲဆင်ခြင်သင့်လှ၏။ ရန်မလိုမှ ရန်ပြိုမည်၊ ရန်ပြိုမှ အေးချမ်းမည်ဖြစ် သည်။ မာနဖြင့် ထောင်လွှား၊ ဒိဋ္ဌိဖြင့် မိုက်မှားကာ အချင်းချင်း ပြစ်မှားကြခြင်းတွေနှင့် တစ်ဖက်က ရန်မခင် တစ်ဖက်သတ် ရန်ဆင်မိခြင်းတွေကြောင့် ကိုယ့်ကာယကံ ကိုယ့်ထံပြန်၊ ကိုယ်ဝစီကံ ကိုယ်ထံပြန်၊ ကိုယ့်မနောကံ ကိုယ်ထံပြန်သည့် ဒုက္ခတွေသာ ရရှိနေကြရ၏။ ထိုကဲ့သို့ တစ်ဖက်သားကို ပြစ်မှားမိကြရာ၌ အရိယာပုဂ္ဂိုလ်တို့ကိုများ ပြစ်မှားစော်ကားမိလိုက်လျှင်ဖြင့် တောင်းပန်ခွင့်မရလိုက်ပါက ကြီးလေးလှသည့် အမှတ် (၄) ဓမ္မ အန္တရာယ်ကို လွန်ကျူးမိတော့၏။ အရိယာပုဂ္ဂိုလ်တို့ကို ပြစ်မှားမိခြင်း ထို အရိယူပ၀ါဒကံကလည်း မဂ်ဖိုလ်ကို တားမြစ်သည့် ကံကြီးပင်ဖြစ်တော့၏။ သို့သော် အရိယာသူတော်စင်အား ပြစ်မှားမိလို့ တောင်းပန်လျှင်ကား ကျေအေးကင်းပျောက် မဂ်ဖိုလ်ကို ရခွင့်ရှိနိုင်ပေသည်။ အရိယာပုဂ္ဂိုလ်ရယ်မှ မဟုတ်၊ မည်သူ့ကိုမျှ မပြစ်မှားမိအောင် နေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပါသည်။ တရားစခန်းများတွင် လေ့ကျင့်ပေးသည့် ကျေးဇူးရှင်ကြီးများအား ပြစ်မှားမိခဲ့သော အပြစ်တို့ ရှိနေပါလျှင် မဂ်ဖိုလ်ကို တားဆီးနေမည် စိုးသောကြောင့် တရားမရှုမှတ်ခင်တို့၌ အရင်ဦးစွာ ဦးခိုက်တောင်းပန်ကြသည့် အလေ့အကျင့်မှာ မွန်မြတ်လှပေ၏။ ည အိပ်ယာ ၀င်ခါနီးတိုင်း ထိုအတိုင်း ပြုကျင့်နိုင်က ပို၍ ကောင်းပေသည်။ နေ့စဉ်ဝတ်ပြု၍ သံသရာက တွေ့ကြုံခဲ့ရသော ဘုရား၊ ရဟန္တာအစဖြာသော ကျေးဇူးရှင်ခင်ပွန်းကြီးဆယ်ပါးတို့နှင့် ယခုဘ၀ တွေ့ကြုံရသည့် ထိုကျေးဇူးရှင်ကြီးတို့အပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှားစော်ကားမိခြင်းများ ရှိနိုင်သည်ဖြစ်ခြင်းကြောင့် လက်ဆယ်ဖြာမိုး မာန်ကိုချိုး၍ ဦးညွှတ်ကန်တော့ကြရာ၏။ အရိယာသူတော်စင်တို့ကို ပြစ်မှားမိခြင်းကြောင့် ရရှိသောဆိုးကျိုးတို့မှာ လွန်စွာကြီးမားလှ၏။ စိဉ္စမာန အမျိုးသမီးသည် အမှန်မဟုတ် ပုံသဏ္ဌာန်လုပ်၍ ဘုရားနှင့် ကိုယ်လေးလက်ဝန်ဖြစ်ရ ပါသည်ဟု လူဘုံအလယ်ထဲတွင် ဘုရားရှင်အား အရှက်ခွဲခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ အရှင် ဒေ၀ဒတ်သည် ဘုရားရှင်အား ကျောက်မောင်းဆင် သတ်ခဲ့ရာ၌ ကွဲအက်သည့် ကျောက်စ မှန်ကာ ဘုရားရှင်၏ခြေမ,တော် သွေးစိမ်းတည်ခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ ဘုရားရှင်၏ ယောက္ခမတော်ဟောင်း သုဗ္ဗဗုဒ္ဓသာကီဝင်မင်းကြီးသည် ဘုရားရှင် ဆွမ်းခံကြွရာ အ၀င်လမ်း တို့တွင် သေသောက်ကျူး ငမိုက်သားတို့ကို ဘုရားရှင်အား မူးရစ်ရမ်းကားစွာ ဆဲရေးတိုင်ထွာ ခြင်းပြုရန် ခိုင်းခဲ့သောကြောင့် မြေမျိုခံရခြင်း၊ နန္ဒကဘီလူးသည် လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဖလသမာပတ် ၀င်စားတော်မူနေချိန်တွင် ဦးခေါင်းကို လက်ဖြင့်ရိုက်ပုတ်မိခြင်းကြောင့် မြေမျိုခံရခြင်း၊ နန္ဒလုလင်သည် ရဟန္တာဘိက္ခုနီအရှင်မ ဥပလ၀ဏ်ကို ရာဂစိတ်ဖြင့် မိစ္ဆာစာရ ကျူးလွန်ပြစ်မှားမိခြင်းကြောင့် မြေမျိုခံရခြင်းတို့သည် အရိယာပုဂ္ဂိုလ်မြတ်တို့အား ပြစ်မှာမိခြင်းကြောင့် ဘုရားရှင်လက်ထက်တော်၌ အထင်အရှား ဖြစ်ခဲ့သော အရှင်လတ်လတ် မြေမျိုခံခဲ့ကြရသည့် သာဓကတို့ပင်ဖြစ်၏။ အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားမိခြင်းကြောင့် ရရှိသော ဆိုးကျိုးဆယ်မျိုးကိုလည်း အောက်ဖော်ပြပါလင်္ကာဖြင့် မှတ်သားကြပါလေ- “အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊ မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊ သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊ ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲ လူ့ပြည်၊ တက်ပြန်လေသော်၊ ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ၀ဋ်ကြောင်းပါသည်၊ ရှောင်ရန် ဓမ္မ အန္တရာယ်တည်း။” အမှတ် (၅) ဓမ္မ အန္တရာယ်- “အာဏာ ၀ီတိက္ကမန္တရာယ်” မြတ်စွာဘုရားရှင်၏ အာဏာစက်သည် အနန္တစကြာဝဠာသို့တိုင် တည်တော်မူပေသည်။ ဘုရား သားတော်များအနေဖြင့် ဘုရားရှင်က ၀ိနည်းတော်ကို ဒီအတိုင်း စောင့်ထိန်းကြရမည်ဆိုလျှင် ဒီအတိုင်းသာ လိုက်နာကြ၏။ ဟိုလိုလေး လုပ်ခွင့်ပေးပါလို့ အတွန့်မတက်ကြပေ။ အတွန့်တက်ခဲ့သော ရဟန်းဆိုးများ ရှိခဲ့ခြင်းကြောင့် သာသနာတော် ထက်ခြမ်းကွဲခဲ့သည့် ဖြစ်ရပ်မှန်ကြီးကလည်း ယခုထက်တိုင် ဂယက်ရိုက်ခတ်နေပေသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်တစ်ရာ အကြာတွင် သံဃာတော်တစ်သောင်း စုပေါင်း၍ သိက္ခာတော် ၂၂၇ သွယ်မှ လျှော့ပါရန် အဓမ္မ၀ါဒ(၁၀)ချက်တို့ကို တင်ပြကာ တောင်းဆို လာကြရာ အရှင်မဟာယသ ကိုယ်တော်ကြီးဦးဆောင်၍ ရဟန္တာတစ်သိန်းတို့ဖြင့် ဒုတိယ သင်္ဂါယနာတင်တော်မူခဲ့ကြပြီး ထိုအရှင်ဆိုးများစွာတို့ကို မောင်းထုတ်ကာ ပြည်နှင်လိုက်ကြ ပေသည်။ ထိုအချိန်၌ အဓမ္မ၀ါဒအယူ သံဃာတို့က သူ့ဘာသူ မဟာသံဃိကဂိုဏ်းဟူ၍ အမည်သမုတ် ဂုဏ်ရောင်ထုတ်ပြီး ၀ိနည်းတော်(၁၀)ချက်တို့ကို ပယ်ဖြုတ်ကြကာ ယခုအခါ မဟာယာနဗုဒ္ဓဘာသာဟူ၍ ထင်ရှားစွာတည်ရှိနေလေသည်။ ဗုဒ္ဓဘာသာ နှစ်ဘာသာမရှိ၊ ဘုရားသား ဧကန်မှန်လျှင် တစ်သားတည်းသာ ရှိနေရပေမည်။ ဘုရားစကားတော်တို့အား ပြင်လို ပြင်၊ စွက်လို စွက်၊ ဖြည့်လိုလျှင် ဖြည့် လုပ်နေကြပါလျှင် ငါလည်းပဲဘုရားလုပ်ချင်နေကြသည့်သဘောသာ ဖြစ်နေပေသည်။ တုနှိုင်းမဲ့ဘုရားရှင်၏ သားတော်အစစ်ဖြစ်ပါလျှင်ကား ဘုရားမှာရာ တသွေမတိမ်း စောင့်ထိန်းကာနေကြရမည်ဖြစ် သည်။ သို့မှသာ မဂ်ဖိုလ်အရေးက တွေးလေတိုင်း မဝေးနိုင်တော့ဘဲ ကျင့်နိုင်သလောက် ခရီးပေါက်ကာ လူတို့ထက် အမြန်ဆုံးရောက်မည်ဖြစ်၏။ ဘုရားသားတော်များအနေဖြင့် အမှတ် (၅) ဓမ္မ အန္တရာယ်ကြီးကို ကျော်ဖြတ်ကာ ခရီးနှင်နိုင် ရပါမည်။ ဘုရားသား သံဃာတော်များသည် ကျူးလွန်လိုသောစေတနာဖြင့် ဘုရားတားမြစ် ထားသည့် ၀ိနည်းတော်(စည်းကမ်း)တို့ကို ဖောက်ဖျက်မိကြခြင်း၊ ကျူးလွန်မိသော အပြစ်(အာပတ်)တို့ကို ဒေသနာကြားခြင်း(အာပတ်ဖြေခြင်း) မပြုလုပ်ဘဲနေခြင်းတို့ကြောင့် မဂ်ဖိုလ်ကို တားမြစ်ခံကြရခြင်းဖြစ်၏။ ရဟန်းတော်များသည် လူတို့ထက် မဂ်ဖိုလ်နှင့်နီးကြောင်း သိက္ခာတော်မြတ်တို့ဖြင့် ပါရမီဖြည့်ခွင့် ရရှိကြသလို မဂ်ဖိုလ်နှင့်ဝေးကြောင်း အပြစ်တို့ကို လွန်ကျူးမိ၍ အာပတ်မဖြေနိုင်ကြပါလျှင်လည်း လူတို့ထက်ပင် မဂ်ဖိုလ်နှင့် ဝေးလှ၏။ ကျူးလွန်လိုသောစေတနာဖြင့်မဟုတ်ဘဲ ခေတ်အခါအခြေအနေသဘောအရ ရှေးကလို ခြေလျင်ကြွမြန်းကြကာ လိုရာခရီးသွားကြတာမဟုတ်တော့ ယာဉ်စီး၍သာ သွားကြရာ၌ ၀တ္ထုငွေ ကိုင်ကြရ၏။ ထိုသို့သောအာပတ်တို့ကို သေးငယ်သည် မထီသဘောဖြင့် ဒေသနာ ကြားရန်မလိုဟု သဘောထားကာ မနေကြရပါဘုရား။ မြို့ထဲသို့ ကြွကြရာ၌ ဟကွဲကာ ၀တ်ဆင်ထားသည့် မြန်မာမ, ကပြားတို့ကိုမြင်လျှင် သံဝေဂ,သာ နိုင်နိုင်ပွါးကြပါကုန်ဘုရား။ မာတုဂါ မှန်သာမှန်လျှင် ခရီးအတူ မသွားကြရန်နှင့် တစ်မိုးအတူ မအိပ်ကြစေရာ။ လူတို့ အကြိုက်သာ လိုက်နေရလျှင်ဖြင့် ၀ိနည်းတော်အဖော်မထားသလိုဖြစ်ပြီး ကြာလာလျှင် အာပတ်တွေ တစ်ပုံတစ်ပင် မဖြစ်ရအောင် နေ့စဉ်သာဒေသနာကြားကြပါကုန်ဘုရား။ ဆရာနှင့်ဒကာဆိုသည်မှာ မဂ်ဖိုလ်ကို အတူရကြဖို့အရေး “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဆိုသလို အပြန်အလှန် မှီနေကြရသည်ဖြစ်ခြင်းကြောင့် သတိတရား အခါခါပွါးနိုင်ပါမှ မဂ်ဖိုလ်ကို အတူတက်လှမ်းနိုင်ကြမှာပါဘုရား။ ခေတ်လူတွေ ပြောမရ,ဆိုမရဟူ၍ လစ်လျူရှု ပစ်မထားကြဘဲ ဘုရားဆုံးမ,ထားသည့်အတိုင်းသာ အားမနာတမ်းဆုံးမ၍ မကြိုက်လျှင်လည်း မတတ်နိုင်၊ သာသနာတော်အရေးအတွက်မို့ အမှန်အတိုင်း မည်သူ့မျှ မငဲ့ကွက်ဘဲ ခတ်ပြတ်ပြတ် ဟောတော်မူကြပါဘုရား။ သည့်အပြင် ထိုအရေးမှာ ဆရာဒကာတို့၏ ကျင့်နှစ်ဖြာညီမျှကြမှ အချင်းချင်းမှီနိုင်ကြမည်ဖြစ်ခြင်းကြောင့် တွဲလက်ချင်း မဖြုတ်တမ်း ခိုင်အောင် မြဲမြံစွာ ရှိထားကြရပါမည်။ နိဗ္ဗာန်သို့တူရူ မကွေ့မကောက် ဖြောင့်တန်းစွာလျှောက်နိုင်ကြအောင် မဂ်ဖိုလ်အား ထားဆီးကြ မည့် ဆိုခဲ့သည့် ဓမ္မ အန္တရာယ်ကြီးတို့ကို သတိဝီရိယကြီးစွာရှောင်ရှားကြ၍ ဆောင်ထားရမည် တို့ကိုလည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယာ၊ ပညာ ဗိုလ်ငါးဖြာတို့ဖြင့် ကျင့်ဆောင်ကာနေကြပါ ကုန်။ သို့မှသာ မကြာခင်၌ ရည်မှန်းရာနိဗ္ဗာန်ကြီးကို ကြည်ရှင်းစွာမဂ်ဖိုလ်အလင်းဖြင့် တွေ့မြင်နိုင်ကြရပြီး သံသရာတစ်လျှောက်လုံး မတွေ့ကြုံမခံစားခဲ့ရသည့် အမွန်မြတ်ဆုံး ချမ်းသာကြီးကို တွေ့မြင်ခံစားကြရမည်မှာ မလွဲဧကန်သာဖြစ်တော့၏။ စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းနှင့် အနန္တသတ္တ၀ါအားလုံးတို့၌ ဘေးရန်ကင်းပ၍ ကိုယ်နှင့်စိတ် ညီမျှကြကာ ချမ်းသာစွာတရားအားထုတ်နိုင်ကြပါစေ။ (ဣ ဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု။)
Print Friendly and PDFPrintPrint Friendly and PDFPDF

အချိန်ရှိခိုက် လုံ့လစိုက်

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
အချိန်သည် လူကိုမစောင့်။ အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးနေ၏။ “ငါနှင့်ရွယ်တူ၊ ငါ့အောက် လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ချေပြီ။” သံသရာ အရေး မြှော်တွေးလို့ကြည့်လိုက်လျှင် ဘ၀တွေ မဆုံးနိုင်သမျှ ဒုက္ခတွေ ဒွန်တွဲလို့ရှိနေပါ ဦးမည်။ သံသရာခရီးသွားချင်းအတူ လက်တွဲလို့ကူကြရမည်။ တစ်ဦးအပေါ်တစ်ဦးတို့၏ တင်ခဲ့ သည့်ကျေးဇူးတရားတို့ကို တရားဖြင့်ပေးဆပ်၍ ကျေအေးနိုင်၏။ မိမိကိုယ်တိုင် တရားနှင့်နေခြင်းဖြင့် သူတစ်ပါးတို့ ချမ်းသာပွါးနိုင်ကြကုန်၏။ သူတစ်ပါးတို့ ကောင်းကျိုးချမ်းသားပွါးအောင် နေနေခြင်းသည်လည်း တရားအားထုတ်နေခြင်း ဖြစ်သည်။ အပြန်အလှန် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ဖြင့် အချင်းချင်း ကူညီနေကြခြင်းဖြင့် အပြန်အလှန် ကျေးဇူးဆပ်ကြရာ၏။ တစ်နည်းအားဖြင့် မိမိ၏ ကိလေသာအကြွေးတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျောက်နိုင်ကြပါလျှင် မိမိအပေါ် တင်ခဲ့ဖူး သမျှသော မိဘကျေးဇူးလည်းကျေပြီ၊ ဆရာ့ကျေးဇူးလည်းကျေပြီ၊ ဘုရားရှင်၏ အလိုတော် လည်း ပြည့်စုံပြီဖြစ်ခြင်းကြောင့် ဘုရားရှင်၏ကျေးဇူးကိုလည်း ပေးဆပ်နိုင်ပေပြီ။ ထိုသို့ အားထုတ်နိုင်ပြီးပါက “မဂ်ဉာဏ်ဆိုက်ရောက်၊ ကြွေးကုန်ပျောက်၊ ကဲမောက် လွန်ချမ်းမြ” နိုင်ကြပေသည်။ ဘ၀တွင် အချိန်သည် လူတိုင်းရရှိကြသည့် တူမျှသောအခွင့်အရေးတစ်ခုပင်။ အချိန်ကို မိမိတို့ ၏အသုံးချမှုအလိုက် ရရှိသည့်အကျိုးကျေးဇူးများ မတူကြပေ။ “အချိန်ရှိခိုက် လုံ့လစိုက်” နိုင်ကြရန်အတွက် အချိန်ကို မည်သို့အသုံးချကြရမည်ကို သိရှိပြီး လိုက်နာကျင့်ကြံနိုင်ကြရန် ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတ ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့် တရားတော်ကို ကိုးကား၍ ဤဓမ္မဆောင်းပါးဖြင့် ကျေးဇူးဆပ် ရေးသားဖော်ပြလိုက်ပါသည်။ တစ်နေ့တာတွင် ရရှိအောင်ကြိုးစားအားထုတ်ရမည့် တရားငါးမျိုးတို့ကို မှတ်သားရလွယ်ကူ အောင် အောက်ပါလင်္ကာလေးကို ကျက်မှတ်ထားပါလေ။ “ကုသိုလ်ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်ခိုး၊ အမျိုးမျိုးမှ၊ ထိုနေ့အတွက်၊ ကျိုးမထွက်၊ သက်သက် အချည်နှီးတည်း။” တစ်နေ့တာအတွက်- (၁) ကုသိုလ်ရအောင်၊ (၂) ဥစ္စာရအောင်၊ (၃) ကျန်းမာအောင်၊ (၄) ပညာရအောင်၊ (၅) ဘုန်းတန်ခိုးရှိအောင် နေ့စဉ်နေ့တိုင်း ကြိုးစားကြရမည်ဖြစ်၏။ တစ်နေ့တာအတွက် လူတစ်ယောက်၏အိပ်ချိန်သည် (၈)နာရီထားလျှင် ရှစ်သုံးလီ နှစ်ဆယ့် လေး (တစ်နေ့ ၂၄ နာရီမှ သုံးပုံပုံ တစ်ပုံ)မှာ အိပ်ခြင်းဖြင့်ကုန်၏။ အသက်ခြောက်ဆယ် နေရမည့်သူအတွက် အနှစ်(၂၀) အိပ်ချိန်ဖြစ်သည်။ တစ်နေ့အတွက် ကျန်ရှိနေသော (၁၆)နာရီသည် ဖော်ပြပါအကျိုးငါးမျိုးရရှိအောင် ကြိုးစားအားထုတ်ခွင့်ရှိသော အချိန်တို့ဖြစ်၏။ သတိတရားကင်းလွတ်ခြင်းဖြင့်- ထမင်းဟင်းချက်၊ ရေချိုးအ၀တ်လျှော်၊ အ၀တ်အစားလဲ၊ အလှအပပြင်၊ ဟိုရောက်သည်ရောက် စကားလက်စုံကျ၊ ပျော်ပွဲစားထွက်၊ အချင်းချင်း မပြေလည်ကြသည့်အခါ အပြန်အလှန်ဖြေရှင်းပြကြ၊ မကျေနပ်တော့ ရုံးရောက်ဂတ်ရောက်၊ ရန်ဖြစ်လို့ ထိခိုက်ရင် ဆေးရုံတက်ဆေးကုသ၊ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် သူ့အကြောင်း အပုပ်ချ၊ သူများထက် ကိုယ်ကသာသွားရင် ငါလိုလူ ဇမ္ဗူမရှိဟု မော်ကြွားကြ၊ ထင်သလို မဖြစ်လို့ အောင်မြင်မှုတွေ မရသည့်အခါမှာလည်း ရေစုံမျှောပြီး ကိုယ့်ဘ၀ကိုယ်ဖျက်သည့် အရက်သေစာဖြင့်သာ ခံစားမှုတို့ကို ဖြေဖျောက်ကြ၊ ကိုယ့်အပေါ် မှားဖူးလျှင် သူတစ်ပါးကို နာကျင်အောင်လည်း ကလဲ့စားချေကြ၊ ထိုကဲ့သို့ပင် လူ့ဘ၀ဆိုတာက “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတော့ ကြုံတွေ့ရ” ဆိုသလို ပြဿနာပေါင်း သောင်းခြောက်ထောင် စုံနေအောင် ကြုံတွေ့ရသည်တွင် သံသရာနယ်ချဲ့တရား “ဒိဋ္ဌိ၊ တဏှာ၊ မာန” ဟူသော ပပဉ္စတရားတို့ဖြင့် နေကုန်အောင် ဖြေရှင်းနေကြပါလျှင် (၁၆) နာရီထဲက နှုတ်လိုက်ပါက တစ်နေ့တာအတွက် အချိန်ကို အကျိုးရှိအောင် အသုံးချသော နာရီမှာ သုညသာ အကြွင်းရှိတော့၏။ ထိုသို့ဆိုလျှင် လူ့ဘ၀ရခြင်းကား တန်ဖိုးမဲ့လှ၏။ ကျန်ရှိသည့်အချိန်တို့တွင် သတိသံဝေဂ,တရား အခါခါပွါးပြီး အချိန်ရှိခိုက် လုံ့လစိုက်မှ သင့်တော်ပေမည်။ ယီးတီးယောင်တောင် ယခုတိုင်အောင်နေနေလျှင်ကား စိတ်ချတော့ ဒုန်းဒုန်း သေမင်းက မြင်တိုင်းမုန်းတော့မည်။ သံသရာအဆက်ဆက် ဖွင့်နေကျ ဖြစ်ခဲ့သည့် ထို တဏှာဇာတ် ဓာတ်ပြားဟောင်းကြီးကိုသာ မငြီးမညူ မနားတမ်းဖွင့်နေခဲ့ကြသည်မှာ ယခုဖြင့် ငြီးငွေဖို့ သင့်လှချေပြီ။ ပြန်ပေးပါလို့ တောင်းမရတာက အချိန်၊ မကုန်ဆုံးရန် တားမရတာက လည်း အချိန်၊ ထို့ကြောင့် သတိပညာဖြင့်ချင့်ချိန်၍ အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်မှ သင့်တော့မည်။ တစ်နေ့တာအတွက် ဖော်ပြပါတရားငါးမျိုးမှ တစ်ခုနှစ်ခုရလျှင် တော်သေးသည်၊ သုံးလေးခု ရလျှင် မဆိုးသေး၊ အားလုံးရရှိပါက ကျေနပ်စရာဖြစ်ပါသည်။ ထိုငါးမျိုး တစ်မျိုးမျိုးမှ တစ်နေ့တာအတွက် မရရှိလိုက်ပါလျှင် ထိုနေ့အတွက် သက်သက်အချည်းနှီးသော နေ့တစ်နေ့ သာဖြစ်သည်။ အကျိုးမရှိဘဲ ကုန်ဆုံးသွားသော နေ့တစ်နေ့ဖြစ်၏။ သေဖို့အတွက် စာရင်းသောက်ရင်း အိပ်ရင်းပျော်ပါးရင်းဖြင့် စောင့်နေရသည့် အလောင်းကောင်သက်သက် မဖြစ်စေ သင့်။ အလောင်းကောင်ကို အသုံးချ၍ အချိန်၏ ၀ါးမျိုးမှု အောက်မှ ရုံးထွက်ကြရမည်ဖြစ်၏။ ဘုန်းတန်ခိုးရှိအောင်ကျင့် ကိုယ်ကျင့်သီလသည် လူ့ဘ၀တွင် ဂုဏ်သိက္ခာကို မြှင့်တင်ပေး၏။ ကြီးမြတ်ခြင်း၏အကြောင်း ဖြစ်သည်။ “သီလ၊ သမာဓိ၊ ပညာ”စသော သာသနာတော်သိက္ခာသုံးရပ်တွင် အစအဦး အခြေခံထားရမည့် တရားလည်းဖြစ်သည်။ အစ၏ကောင်းခြင်းရှိမှသာ အဆုံး၏ ကောင်းခြင်း သို့ ရောက်စေနိုင်မည့် တရားလည်းဖြစ်ပေသည်။ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နှင့်”ဆိုသည့်အတိုင်း အပြောနှင့်အလုပ် မညီဘဲ ကျင့်ကြံ နေထိုင်ခြင်းသည် ဘုန်းတန်ခိုးကို မှေးမှိန်စေ၏။ ဘုရားရှင်ကဲ့သို့ ငါပြောသလိုလုပ်၊ ငါလုပ် သလိုလည်းလုပ် ဖြစ်အောင် ကျင့်ရမည်ဖြစ်သည်။ ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ တပည့်သားမြေးအဖြစ် ခံယူပြီး အတုယူ ကျင့်ကြံရာ၏။ ဒါနအမှု ပြုကြရာ၌ နာမည်ကြီးချင်လို့၊ အချီးမွမ်းခံချင်လို့၊ လူအထင်ကြီးစေချင်လိုလို့၊ ပေးလျှင် ပြန်ရနိုင်သည့်လာဘ်ကိုမြင်လို့ မလှူဒါန်းသင့်ပေ။ ထိုသို့သောဒါနသည် ဘုန်းတန်ခိုး မှိန်ကြောင်းဖြစ်၏။ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ပစ္စည်းတို့ကို ရိုသေစွာ ပေးလှူရာ၏။ ရိုသေစွာ လှူဒါန်းတတ်သော ဘုရားရှင်လက်ထက်က အနာထပိဏ်သူဌေးကြီးတို့၊ ၀ိသာခါကျောင်း အစ်မကြီးတို့သည် ယခုထက်တိုင် အတုယူမှတ်သားဖွယ် ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမကြီးများအဖြစ်၊ လေးစားစရာပုဂ္ဂိုလ်များအဖြစ်၊ စံပြုထိုက်သူများ အဖြစ် သတ်မှတ်ခံရပြီး ဘုန်းကံလည်း လွန်စွာကြီးမားခဲ့ကြသူများ ဖြစ်ခဲ့ပေသည်။ အလှူခံ ပုဂ္ဂိုလ်အပေါ်၊ လှူဖွယ်ပစ္စည်းအပေါ်တွင် ရိုရိုသေသေလှူဒါန်းတတ်သောအမှုတွင် သူဌေးကြီး အနာထပိဏ်နှင့် ၀ိသာခါတို့အား ဥပမာပြ စံထားရမည့်အပြင် အတုယူပြီးလည်း ကျင့်ကြံထိုက် လှ၏။ နာမည်ကြီးလိုရုံသက်သက်ဖြင့် ကောင်းမှုပြုခဲ့ခြင်းကြောင့် နာမည်ကောင်းမထွက်ဘဲ နာမည် ဆိုးသာထွက်ခဲ့သည့် ဦးသာဒွန်းအကြောင်း ပြောပြချင်ပါသည်။ ဦးသာဒွန်းနှင့်ဒေါ်ပုတို့ ဇနီးမောင်နှံတွင် ကောင်းမှုပြုတိုင်း ဒေါ်ပုသာ နာမည်ကြီးပြီး ဦးသာဒွန်းအမည်မှာ တိမ်မြုပ် လို့နေ၏။ သံဃာတော်များအတွက် ကျောင်းဆောက်လှူရာတွင် ထိုကျောင်းကို ဒေါ်ပုကျောင်း ဟု လူသိများကြသည်။ ၎င်းကို ဦးသာဒွန်းကြီး မကျေနပ်ပေ။ အုတ်တံတိုင်းဆောက်လှူရာ တွင်လည်း ဦးသာဒွန်း+ဒေါ်ပုကောင်းမှုဟု ကမ္ဗည်းထိုးထားပါသော်လည်း ဒေါ်ပုအုတ်တံတိုင်း လို့သာ အပြောများကြ၏။ ၎င်းကိုလည်း ဦးသာဒွန်းကြီး အခံရခက်နေသည်။ တစ်ဖန် ဦးသာဒွန်းက လူအများ တည်းခို၊ အနားယူ၊ အပန်းဖြေတတ်သည့်နေရာတွင် ဇရပ်တစ်ဆောင် ဆောက်ပြီး သူ့နာမည်ကို ဆိုင်းဘုတ်မှာ အကြီးကြီးရေးကာ ဒေါ်ပု အမည်ကိုတော့ သေးသေးလေးရေးပြီး လူအများ ကွင်းကွင်းကွက်ကွက် မြင်သာနိုင်အောင် ဇရပ်၏နဖူးစီးမှာ ချိတ်ထားလေ၏။ ထိုတွင်လည်း လူအများက ဒေါ်ပုဇရပ်လို့သာ အသိများကြပြီး ဒေါ်ပုဇရပ်ကြီး ရှိတာ ကောင်းလိုက်တာလို့သာ ချီးကျူးစကား ပြောကြားကြပေသည်။ နောက်ဆုံးတွင် ဦးသာဒွန်းကြီးက လုံးဝ မခံမရပ်နိုင်ကာ ဒီလောက်တောင်ဖြစ်လှတာ ဆိုပြီး ဒေါ်ပု မပါဘဲ ပြုလို့ရသည့် ကုသိုလ်ကောင်းမှုတစ်ခုခုကို စဉ်းစားခန်းထုတ်ပြန်၏။ အကြံရသွား သည်မှာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းဝတ်တော့၏။ ရဟန်းဝတ်ဖြင့် ဆွမ်းခံကြွသည်တွင် လူအများ ဆီးကြိုစကားဖြင့် ပြောကြသည်မှာ “ဒေါ်ပုဘုန်းကြီးကြီး ကြွလာပြီ၊ ဒေါ်ပု ဘုန်းတော်ကြီး ကြွလာပြီ” ဟုသာ ဖြစ်ပြီး ဦးသာဒွန်းမှာ အမည်မက ဘုန်းကြီးဘွဲ့ပါ ကင်းပျောက်သွားသောကြောင့် ဒေါ်ပုကို လက်မြှောက်အရှုံးပေးကာ ဆွမ်းခံ ဆက်မကြွတော့ ဘဲ လူထွက်ရန် ကျောင်းအမြန်ပြေးလေတော့သည်။ လူထွက်ပြီးနောက် အရက်သောက်၊ ဘိန်းစားကာမှ နာမည်အရင်း ပေါ်ထွက်လာလေ၏။ ကလေးလူကြီး ပါးစပ်ဖျားတွင် ရေပန်းစားတော့၏။ “အရက်သမားသာဒွန်း၊ ဘိန်းစားသာဒွန်း” ဟူ၍ မသိသူ မရှိလောက်အောင် လူသိများပြီး အမှားသရုပ် စံပြအဖြစ် ပြောစမှတ် တွင်ရစ်ခဲ့ တော့၏။ နာမည်ကြီးတိုင်း၊ လူသိများတိုင်း ဘုန်းကံကြီးနေခြင်းမဟုတ်ကြောင်း သိထားသင့် ပေသည်။ နေ့စဉ် ရရှိအောင် အားထုတ်ရမည့် ဘုန်းကံကြီးကြောင်း ကျင့်စဉ်ကောင်းများမှာ- (၁) ကိုယ်ကျင့်သီလကောင်းရှိခြင်း၊ (၂) ကောင်းတာပြော၊ ကောင်းတာလုပ်တတ်သည့် အပြောနှင့်အလုပ်ညီခြင်း၊ (၃) ဒါနအမှုပြုရာ၌ သက္ကစ္စ- ရိုရိုသေသေလှူဒါန်းတတ်ခြင်းတို့ ဖြစ်ကြပေသည်။ ဘုန်းကြီးလို သော လောဘစော၍ ကြိုးစားအားထုတ်ရမည်မျိုးမဟုတ်၊ ပါရမီအကျင့်ကောင်းဟု သိရှိနား လည်ပြီး ကျင့်ကြံကြိုးစား ပွါးများအားထုတ်ရမည်ဖြစ်၏။ ပညာရအောင်ဆည်းပူး ပညာရှိဖြစ်ချင်လျှင် ပညာရှိသူကို ပေါင်းရ၏။ ပညာရှိထံ မှီဝဲဆည်းကပ် နည်းယူရပေသည်။ အစဦးစွာ ပညာရှိဖြစ်ချင်စိတ် ရှိရမည်ဖြစ်၏။ ကိုယ်က သူ့ကိုအလိုရှိမှ သူက ကိုယ့်ဆီရောက် မည်ဖြစ်၏။ ကိုယ်က သူ့ကိုအလိုမရှိလျှင် သူက ကိုယ့်ဆီ မရောက်နိုင်သည့်သဘောဖြစ်သည်။ ဘ၀တစ်ခု အစပြုလာသည့်အတွက် စားဝတ်နေရေးအတွက် လုံးပန်းရတော့သည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းအတွက် မည်သူမဆို သင်ကြရပေသည်။ ချမ်းချမ်းသာသာ နေထိုင် စားသောက်၊ ၀တ်စားဆင်ယင်နိုင်ဖို့အတွက် အတတ်ပညာများကို သင်ယူကြရသည်။ လေ့လာ ကြရသည်။ ဆည်းပူးကြရသည်။ ကျွမ်းကျင်မှုရှိအောင်လည်း ကြိုးစားကြရပေသည်။ သို့မှသာ ဘ၀မှာ ချမ်းသာစွာ နေထိုင်နိုင်ကြမည်။ သူတစ်ပါးကို အားကိုးနေရခြင်းထက် ကိုယ့်အားကို ကိုယ်ကိုးနိုင်ခြင်းက ပို၍ ချမ်းသာသည်ဖြစ်ခြင်းကြောင့် မိမိကိုယ်တိုင် တတ်မြောက်အောင် အကျိုးဖြစ်စေသည့် ပညာတို့ကို သင်ယူကြရပေမည်။ ရသမျှပညာတို့ကို သင်ယူတတ်မြောက်ထားသောကြောင့် ဘ၀ကို ဘယ်ပညာရပ်ဖြင့် ဖြစ်စေ ဖြတ်သန်းနေလို့ကလည်း မသင့်တော်သေးပေ။ ငါးမျှားတတ်လို့ တံငှါသည်ဘ၀၊ လေးပစ် ကောင်းလို့ မုဆိုးဘ၀၊ ဖဲရိုက်ကျွမ်းလို့ အလောင်းကစားသမားဘ၀ အဖြစ်ဖြင့်တော့ စားဝတ်နေ ရေး ပြေလည်ပြီးရောလည်း ဘ၀ကို ဖြတ်သန်းဖို့ မသင့်တော်သေးပေ။ သူတစ်ပါးဆင်းရဲပြီးမှ ကိုယ်ချမ်းသာရေးအတွက်တော့ မတောင့်တအပ်ပေ။ မလိုလားအပ်ပေ။ ထို့ကြောင့် ဘ၀ကို ထိန်းကြောင်းတတ်စေရန် လိုအပ်ခြင်းကြောင့် ဘ၀ထိန်းကြောင်းပညာတို့ကိုလည်း ဆည်းပူးရ ပါမည်။ ရှာဖွေရပါမည်။ သတိလက်လွှတ်၍ အချိန်ကို ကုန်မသွားသင့်ပေ။ လောကော သတ္တာန မာစေတော- လောကော= လောကကမ္ဘာကြီးသည်၊ သတ္တာန= သတ္တ၀ါတို့အတွက်၊ အာစေတော= ဆရာသမား ဖြစ်၏။ မိမိပတ်ဝန်းကျင်ရှိ မြင်ရသမျှ၊ ကြားသမျှ၊ ကြုံတွေ့ရသမျှတို့ကို မိမိ၏ဆရာလို့ မှတ်ယူရ၏။ သူတော်ကောင်းများကို တွေ့သည့် အခါတွင် ထိုသို့နေထိုင်ကျင့်ကြံရန်၊ ထိုသို့ အားထုတ်ရန် မိမိအား သင်ပေးနေသည်ဟု မှတ်ယူပြီး လိုက်နာကျင့်ကြံရမည်။ သူယုတ်မာတို့ကို တွေ့သည့်အခါတွင်လည်း ထိုသူတို့သည် မိမိအား ထိုသို့ မပြုလုပ်ရန် သင်ပေးနေသည်ဟု မှတ်ယူကြရမည်။ ၎င်းတို့၏ အကျင့်ဆိုးများ သည် သံသရာ၌ လွန်စွာဒုက္ခရောက်ကြရလိမ့်ဦးမည်ဟု သံဝေဂပွါးပြီး ဆင်ခြင်ရ၏။ လူမိုက်တို့ ၏အလုပ်တို့ကို ရှောင်ကြဉ်ရပေသည်။ ထိုသို့ဖြင့် ဘ၀ကို ထိန်းကြောင်း ပြုပြင်နေထိုင်ရပေ သည်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဆုံးမထားသည်မှာ- “လူဟာ ဘယ်အချိန်အထိ မိမိကိုယ်ကိုယ် ကောင်းအောင် ပြုပြင်နေထိုင်သွားရမည်နည်းဟူမူ အသက် ဆုံးသည့်အချိန်အထိ မိမိကိုယ်ကိုယ် ကောင်းအောင် ပြုပြင်နေထိုင်သွားရမည်” ဟူ၍ ဆုံးမ ခဲ့ပါသည်။ ဒါန၊ သီလစသော ကံလမ်းဖြင့် လူ၊ နတ်ချမ်းသာသို့လည်းကောင်း၊ ဈာန်ရရှိသော သမာဓိ စွမ်းအားဖြင့် ဗြဟ္မာချမ်းသာသို့လည်းကောင်း ကောင်းရာသုဂတိသို့ ရောက်ရှိခံစားကြရ၏။ ၎င်းမှာ သာသနာပကာလ၌လည်း ရရှိနိုင်ကြသော အခွင့်အရေးတို့ဖြစ်သည်။ ၀ိပဿနာပညာ ကား ဘုရားရှင်တစ်ဆူဆူ ပွင့်ထွန်းပေါ်ပေါက်ချိန်နှင့်ကြုံမှ တတ်မြောက်နိုင်သော ကြုံတောင့် ကြုံခဲသည့်ပညာဖြစ်၏။ ၀ိပဿနာပညာဖြင့် အားထုတ်မှ နိဗ္ဗာန်က ထိုးထွင်း သိမြင်နိုင်မည် ဖြစ်သည်။ ၀ိပဿနာ- ၀ိ= အထူးထူး၊ အပြားပြား၊ အဖန်တလဲလဲ၊ ပဿနာ= ရှုမှတ်ပွါးများ ခြင်းဖြစ်သည်။ မျက်စိဖြင့် ကြည့်လျှင် မောင်ဖြူ၊ မောင်နီ၊ မောင်ညို၊ ငါ့ဒူး၊ ငါ့ပေါင်၊ ငါ့ခြေ၊ ငါ့လက်ဟူ၍ မြင်ရ၏။ ဉာဏ်ဖြင့် ဆင်ခြင်လိုက်လျှင် ရုပ်တရားတို့ ပေါင်းစုထားသော ရုပ်အစု၊ နာမ်တရားတို့ ပေါင်းစုထားသော နာမ်အစုဟု မြင်ရ၏။ ပညာဖြင့်မြင်ရသည့်အခါတွင် ရုပ်မှာလည်း ဖြစ်ခြင်းပျက်ခြင်းသဘော၊ နာမ်မှာလည်း ဖြစ်ခြင်းပျက်ခြင်းသဘောသာ ရှိသော ကြောင့် လောကဓမ္မတို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သောသဘောသာလျှင် ရှိကြ၏။ ထိုသို့ မမြဲခြင်းကြောင့် ဆင်းရဲလှ၏၊ ထိုတရားတို့သည် မိမိအလိုသို့လည်းမလိုက်၊ မည်သူ တစ်စုံတစ်ဦးက ခိုင်းနေလို့ လုပ်နေခြင်းမျိုးလည်း မဟုတ်၊ ငါပိုင်ငါးစိုးလည်း မရသည် ဖြစ်ခြင်းကြောင့် အတ္တမဟုတ် အနတ္တသဘောတရားတို့သာ ဖြစ်ကြကုန်၏”ဟူ၍ အဖန်တလဲလဲ ရှုမှတ်ပွါးများနေခြင်းသည် ၀ိပဿနာ အားထုတ်ခြင်းပင် ဖြစ်ပေသည်။ ထိုသို့အားထုတ်ရန်အတွက် နေရာရွေးရန်မလို၊ အချိန်ရွေးရန်မလိုပေ။ သတိတရားသာ အမြဲရှိနေရန် လိုအပ်၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးဣရိယာပုတ်ရှိရာတွင် မိမိနှင့် သပ္ပါယမျှအောင်နေပြီး သတိတရားရှိစွာဖြင့် ၀ိပဿနာအားထုတ်ပါလျှင် နိဗ္ဗာန်ကို လျောင်းရင်း ဖြင့်လည်း မြင်ကြရမည်။ ထိုင်ရင်းဖြင့်လည်း မြင်ကြရမည်။ ရပ်ရင်းဖြင့်လည်း မြင်ကြရမည်။ သွားနေရင်းဖြင့်လည်း မြင်ကြရမည်ကို ယုံကြည်စွာအားထုတ်ကြပါကုန်။ နေ့စဉ် ရရှိအောင် အားထုတ်ရမည့် ပညာသုံးမျိုးမှာ- (၁) သင်ယူရမည့်အတတ်ပညာ၊ (၂) ဘ၀ကို လမ်းမှန်အောင် ဘ၀ထိန်းကြောင်းရေးပညာ၊ (၃) နိဗ္ဗာန်ရောက်ကြောင်း မဖြစ်မနေအားထုတ်ရမည့် ၀ိပဿနာပညာ တို့ ဖြစ်ကြပေသည်။ ကျန်းမာအောင်နေ အာရောဂျ ပရမ လာဘ- ကျန်းမာခြင်းသည် မြတ်သော လာဘ်တစ်ပါးဖြစ်၏။ ကျန်းမာမှ တခြားချမ်းသာတို့ကို ရရှိနိုင်မည်ဖြစ်သည်။ မကျန်းမာလျှင် လောကီချမ်းသာရော၊ လောကုတ္တ ရာချမ်းသာပါ ဆုံးရှုံးနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာအောင်နေနည်းပညာ၊ ကျန်းမာရေး ကောင်းကြောင်းအကျင့်တို့ နေ့စဉ် ရရှိအောင် အားထုတ်ရပါမည်။ မနက်တိုင်း ရေသောက်ပြီး သည်နှင့် ဆီး၊ ၀မ်းက,အစ ပုံမှန်ရှိမရှိ သတိထားရပါမည်။ ကျန်းမာရေးကောင်းရန်အတွက် ဆီး၊ ၀မ်း၊ သွေး၊ လေများ ညီညွတ်မှုရှိနေရမည်။ တရားအားထုတ်ရာတွင် ထိုင်မှတရား ထင်နေကြသူများ ရှိကြ၏။ ထိုင်ပြီး နေကုန်အောင် အားထုတ်ခြင်းဖြင့် သွေးလေများ မညီမညွတ်ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စင်္ကြံလျှောက်ပေး ရမည်။ တရားအမှတ် မပြတ်ဖို့သာလို၏။ ထိုင်ခြင်းပြတ်သွားလျှင် တရားအားထုတ်ခြင်း ရပ်သွားသည်ဟူသော အစွဲရှိနေလျှင် ဖြုတ်သင့်ပေသည်။ ဘုရားရှင်က နှမ်းတစ်စေ့မျှလောက် သော အစာကိုဝင်လျှင်ပင် အသက်ရှင်နေနိုင်သော ပါရမီထောက်ပံ့သည့် ကိုယ်ခံအားရှိသူ ဖြစ်၏။ ထို့ကြောင့် ဒုက္ကရစရိယအကျင့်ကို ခြောက်နှစ်ကြာကျင့်နိုင်ပေသည်။ ဘုရားအလောင်း တော်တို့မှတစ်ပါး မည်သူမျှ မစွမ်းနိုင်ပေ။ မိမိတို့က တစ်ရက်လောက် ထမင်းမစားလိုက်ရ လျှင်ပင် အားပြတ်ပြီး တရားဆက်အားမထုတ်နိုင်ဘဲဖြစ်နိုင်၏။ “ထမင်းအသက် ခုနစ်ရက်” ဆိုသည့်အတိုင်း ခုနစ်ရက်ထက် အစာငတ်ပါလျှင် အသက်သေသွားနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် မျှတအောင်စားပေးဖို့ လိုအပ်၏။ ၀ိပဿနာအားထုတ်ရာတွင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခံပြီး အားထုတ်ရမည် မဟုတ်၊ ဉာဏ်တော့ ဆင်းရဲသည့် အားထုတ်နည်းဖြစ်ပေသည်။ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာအောင် နေတတ်ရပါမည်။ စိတ်ချမ်းသာအောင် မနေတတ်လျှင်လည်း ကျန်းမာရေးအတွက် ထိခိုက် နိုင်၏။ ကျန်ဖန်ပြီး စိတ်ပူတတ်သူများ နှလုံးရောဂါရတတ်သောကြောင့် စိတ်အေးချမ်းအောင် နေခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်ရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားထားသော အောက်ပါအသက်ရှည်ကျန်းမာကြောင်း နည်းလမ်းကောင်းများ ကို ကျင့်ကြံပြီး နေ့စဉ် ကျန်းမာရေးအတွက် အားထုတ်ကြပါလေ- (၁) မိမိနှင့် သင့်လျော်လျောက်ပတ်သော ဆေးဝါးဓာတ်စာ၊ အစားအသောက်၊ အနေအထိုင် တို့နှင့်သာ ပြုမူနေထိုင် စားသောက်ခြင်း၊ (၂) အတိုင်းအရှည်သိပြီး ချင့်ချိန်စားသောက်တတ်ခြင်း၊ (၃) ကြေလွယ်ကျက်လွယ်သော အစားအသောက်ကိုသာ စားသောက်ခြင်း၊ (၄) ငါးပါးသီလမြဲခြင်း၊ (၅) ကလျာဏမိတ္တ-အဆွေခင်ပွန်းကောင်းရှိခြင်း တို့ ဖြစ်ကြပေသည်။ ဥစ္စာရအောင်ရှာ ဘုရားရှင်က စီးပွါးမရှာရန် တားမြစ်ထားခြင်းမရှိပေ။ စီးပွါးရှာနေလျှင် တရား,မရနိုင်လို့ ဟောကြားမထားပေ။ ထို့ကြောင့် စီးပွါးလည်းရှာ တရားလည်းအားထုတ်ရပေမည်။ သမ္မ လောဘနှင့် ၀ိသမ္မလောဘဟူ၍ နှစ်မျိုးရှိရာတွင် သမ္မလောဘဖြင့် စီးပွါးရှာထိုက်ပေသည်။ ၀ိသမ္မလောဘဖြင့် စီးပွါးမရှာထိုက်ပေ။ သမ္မလောဘဆိုသည်မှာ သူ့ဘက်ကိုလည်းကြည့်တတ်၊ ကိုယ်ဘက်ကိုယ်လည်း ကြည့်တတ်သော စီးပွါးရှာခြင်းမျိုး ဖြစ်၏။ ၀ိဝမ္မလောဘဆိုသည်မှာ ကိုယ်ချမ်းသာပြီးရော၊ သူ ဘာဖြစ်ဖြစ်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူး ရောက်ရောက်ဟူသော ငါတကော, ကောတတ်သည့် ငါကောင်းစားရေးကိုသာ အဓိက ထားပြီး သူတစ်ပါးပျက်စီးကြောင်းကို ထည့်မတွက်ဘဲ ကိုယ်ချင်းစာတရား ခေါင်းပါးသူတို့၏ စီးပွါးရှာခြင်းမျိုးကို ခေါ်ပေသည်။ ထိုနှစ်မျိုးတွင် သမ္မလောဘဖြင့် စီးပွါးရှာရမည်။ ဘုရားရှင်လက်ထက်က အနာထပိဏ် သူဌေးကြီးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။ စီးပွါးဥစ္စာကို ရှာဖွေပါသည်။ တရားရသွားလျှင် ဘာစီးပွါးမှ မရှာတော့ဘဲနေခြင်းမျိုး မဟုတ်ပေ။ သာသနာတော်ကြီးပွါးကြောင်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးအား ထောက်ပံ့နိုင်ရန်အတွက် စီးပွါးဥစ္စာမရှိဘဲ လက်ချည်းသက်သက်ဖြင့် သာသနာတော်စည်ပင်ပါစေဟု ဆုတောင်းနေရုံဖြင့် ဖြစ်လာ လိမ့်မည့်မဟုတ်ပေ။ အနာထပိဏ်သူဌေးကြီးကဲ့သို့ အားထုတ်ကြိုးပမ်းသွားရပါမည်။ ယခု ခေတ်ဆိုလျှင် ဦးအောင်မြင့်(လူပျံတော်ပတ္တမြား)သည်လည်း သာသနာတော်အတွက်ရည်စူးပြီး စီးပွါးရှာခဲ့သူတစ်ဦးဖြစ်ပေသည်။ မန္တလေး မစိုးရိမ်စာသင်တိုက်ကြီးအား တည်ထောင်ခဲ့သော သားအဖနှစ်ဦးသည်လည်း ဆင်းရဲနွမ်းပါးသူများဖြစ်လင့်ကစား သာသနာတော်အတွက် ရည်စူးပြီး စီးပွါးရှာခဲ့ခြင်းကြောင့် သာသနာ့အာဇာနည်များ မွေးထုတ်ပေးသည့် ထိုကဲ့သို့သော ကျောင်းတိုက်ကြီးကို တည်ထောင်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။ စီးပွါးရှာရာတွင် သူတစ်ပါးကိုလည်း ကြည့်တတ်ရမည်။ ကိုယ့်အကျိုးလည်း ကြည့်တတ်ရမည်။ အတ္တနှင့်ပရဆိုသော မိမိသူတစ်ပါး အကျိုးကိုကြည့်ပြီး မျှတအောင် ရှာတတ်ရမည်ဖြစ်သည်။ “ဘာပဲလုပ်လုပ် စေတနာကောင်းလေးထည့်လုပ်၊ ဘာပဲရောင်းရောင်း စေတနာကောင်းလေး ထည့်ရောင်း” ဆိုသော အဆုံးအမလေးကို အမြဲနှလုံးသွင်းကာ စီးပွါးဥစ္စာရှာဖွေကြ၍ သာသနာတော် အတွက်လည်း ထောက်ပံ့လှူဒါန်းကြပါက ယခုဘ၀ ချမ်းသာရုံတင်မက နောင်သံသရာလည်း ချမ်းသာပြီး နောက်ဆုံး နိဗ္ဗာန်သို့ အကျိုးပြုသော ပါရမီကုသိုလ်ထူးများ ရရှိသွားကြမည် ဖြစ်ပါသည်။ ကုသိုလ်ရအောင် အားထုတ် “ရေဗူးနှင့် ဖိနပ် မပါလျှင် နွေခါမှ သိမည်၊ ဒါနနှင့်သီလ မပါလျှင် သေခါကျ သိမည်။”ဟူသော ဆောင်ပုဒ်လေးမှာ ဒါန၊ သီလအားထုတ်ဖို့ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါသည်။ ရှေးက ဒါနပြုလုပ်ခဲ့သူတို့မှာ ယခုဘ၀ ချမ်းချမ်းသာသာနေနိုင်ကြ၏။ စား၊ ၀တ်၊ နေရေးအတွက် နေကုန်အောင် ပင်းပန်းကြီးစွာ မရှာဖွေရပေ။ သက်သက်သာသာဖြင့် ရရှိသုံးဆောင်နိုင်ကြ၏။ ၎င်းမှာ မိမိတို့ဘေးတွင် မြင်သာသောဥပမာများ ဖြစ်ပါသည်။ သို့သော် မမြင်သာနိုင်သော အချက်တစ်ချက်ရှိ၏။ တချို့ အကုသိုလ်အလုပ်ဖြင့် စီးပွါးရှာသော်လည်း ချမ်းသာနေကြပြီး တချို့ ကုသိုလ်တရားပွါးများပြီး ကောင်းရာကောင်းကြောင်း လုပ်ကိုင်စားသောက်ပါသော် လည်း ဆင်းရဲနွမ်းပါးနေကြ၏။ ထိုကွာခြားချက်ကိုမြင်လျှင် ကံ,ကံ၏အကျိုးကို မယုံကြည်ဘဲ ရှိတတ်ပေသည်။ ဘုရားရှင်ဟောကြားထားသော ကံလေးမျိုးရှိ၏။ (၁) အဖြူကံ၊ (၂) အမည်းကံ၊ (၃) အဖြူ အမည်း ရောသည့်ကံ၊ (၄) အဖြူအမည်း မရောသည့်ကံတို့ ဖြစ်ကြသည်။ အဖြူကံသည် ကုသိုလ်ကောင်းမှု လုပ်ခဲ့သောကြောင့် ကောင်းကျိုးသက်သက်ပေးခြင်း၊ အမည်းကံသည် မကောင်းသည့် အကုသိုလ်လုပ်ခဲ့သောကြောင့် ဆိုးကျိုးသက်သက်ပေးခြင်း၊ အဖြူအမည်း ရောသည့်ကံသည့် ကောင်းသည့် ကုသိုလ်အလုပ်ရော၊ မကောင်းသည့် အကုသိုလ်အလုပ်ရော ဒွန်တွဲလုပ်ခဲ့သောကြောင့် ကောင်းကျိုးဆိုးကျိုး ရောနှောပေးခြင်း၊ အဖြူအမည်း မရောသည့် ကံမှာ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ် ၀ိပဿနာကုသိုလ်ကို ဆိုလိုခြင်းဖြစ်၏။ အဟတ္တမဂ်ဖိုလ်ကုသိုလ်ပင်ဖြစ်သည်။ သံသရာ၌ အဖြူအမည်း ရောသည့်ကံများ ပြုလုပ်ခဲ့ သောကြောင့် ယခုဘ၀တွင် ကောင်းမှုဖြင့်လုပ်စားသော်လည်း အတိတ်က အကုသိုလ် အကျိုးပေးနေချိန်တွင် ကောင်းကျိုးချမ်းသာများ မရရှိမခံစားရပေ။ မကောင်းမှု အကုသိုလ် အလုပ်တို့ဖြင့် စီးပွါးရှာသော်လည်း ကြီးပွါးတိုးတက်အောင်မြင်နေပြီး ချမ်းသာကြွယ်ဝ နေကြခြင်းမှာ အတိတ်က ကုသိုလ်အကျိုးပေးနေချိန် ဖြစ်သောကြောင့် ရရှိခံစားနေရခြင်း ဖြစ်ပေသည်။ ဒါနပြုရာတွင် ဒါန၏အကျိုးကို သိထားခြင်းသာဖြစ်ပြီး အကျိုးကိုမျှော်ပြီးလှူခြင်းမျိုး မဟုတ်ပေ။ သူတစ်ပါးချမ်းသာရေးအတွက် မေတ္တာစိတ်သက်သက်ဖြင့် ပေးကမ်းခြင်းဖြစ်၏။ နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် ပေးလှူရပေသည်။ ထိုသို့ရည်စူးပြီး ဒါနပြုရာတွင် “တစ်ယာ ကွမ်းဆေး၊ ရေအေးတစ်ခွက်၊ ဆီတစ်စက်နှင့်၊ လက္ဘက်တစ်ရိုး၊ ကြံတစ်ချိုးမျှ၊ မြတ်နိုးကြည်ဖြူ၊ ဒါနဟူသည်၊ အလှူကောင်းမှု၊ ရရာပြုလော့။” ဟူသော မာဃဒေ၀လင်္ကာအတိုင်း ကျင့်ကြံအား ထုတ်ကြပါကုန်။ ဒါနသာပြုခဲ့ပြီး သီလမပါခဲ့သူများမှာ အသက်ကြာရှည် မနေရဘဲရှိ၏။ တချို့ အမိဝမ်းထဲမှာပင် သေကြရ၏။ တချို့ မွေးပြီးချင်း သေကြရ၏။ တချို့ အရွယ်ငယ်စဉ်မှာ သေကြရ၏။ ထိုသို့ အသက်တိုခြင်း၊ အနာရောဂါထူပြောခြင်း၊ အင်္ဂါမပြည့်စုံခြင်းစသည်တို့မှာ သံသရာက သီလ နည်းခဲ့သောကြောင့် ဖြစ်သည်။ ပစ္စည်းဥစ္စာပေါကြွယ်ဝသော်လည်း သီလနည်းခဲ့သောကြောင့် ထိုသို့သော ဆိုးကျိုးများနှင့် ရင်ဆိုင်ရကာ စိတ်မချမ်းမသာဖြစ်ကြရပေ၏။ ဒါန၏အကျိုးတရား တို့မှာ သီလပါမှ ပိုပြီး ပြည့်စုံကောင်းမွန်စွာ အကျိုးခံစားနိုင်ပေသည်။ ထို့ကြောင့် ဒါနလည်းပြု သီလလည်းဆောက်တည်ကြရန် အားထုတ်ကြရပါမည်။ စိတ်ချမ်းချမ်းသာသာဖြင့် နေနိုင်ရန်အတွက် သမထဘာဝနာ ပွါးများအားထုတ်ကြရ၏။ စိတ်၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် ပညာရရန်လည်း လွယ်ကူ၏။ စိတ်ငြိမ်သည့်အတွက် အာရုံတရားများနောက်သို့ စိတ်ဗျာမများတော့ဘဲ ငြိမ်ငြိမ်းချမ်းချမ်း နေနိုင်၏။ တရား အားထုတ်ရာတွင် အစောင့်အရှောက် သမထကမ္မဋ္ဌာန်များဖြစ်သည့် မေတ္တာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ မရဏာနုဿတိကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်းတို့ကို ပွါးများအားထုတ်ရ ပေသည်။ မေတ္တာပွါးခြင်းဖြင့် စိတ်အေးချမ်းမှု ရရှိ၏။ ဘေးရန်လည်းကင်း၏။ တရား အားထုတ်ရာတွင် အနှောင့်အယှက်များ နည်းပါးသဖြင့် စိတ်ချမ်းသာနိုင်ပေသည်။ ဘုရား ဂုဏ်တော်များ အခါခါပွါးခြင်းဖြင့် ဘုရားကို ကြည်ညိုသော သဒ္ဓါတရားများ ထက်မြက် စေသည်။ အကြွင်းမဲ့ ယုံကြည်စိတ်များ ရောက်ရှိလာ၏။ ထို့ကြောင့် ဘုရားဆုံးမသည့်အတိုင်း ကျင့်ကြံအားထုတ်မှုများ ပို၍ပို၍ ယုံကြည်စွာ လုပ်ဆောင်လာနိုင်ပေသည်။ မရဏာနုဿတိပွါး များခြင်းဖြင့် သတိတရားကို ဖြစ်စေ၏။ သေခြင်းတရားကို အမှတ်ရနေသည်ဖြစ်ခြင်းကြောင့် ကောင်းမှုတို့ကို မမေ့မလျော့ ပွါးများအားထုတ်လိုစိတ်များ ထက်သန်စေပေသည်။ အသုဘ ကမ္မဋ္ဌာန်းပွါးခြင်းသည် လောဘကို အမြန်ကုန်စေသောကမ္မဋ္ဌာန်းဖြစ်၏။ သံသရာအဆက်ဆက် ဒုက္ခဖြစ်ကြောင်း ထိုလောဘတရားကြောင့် ရှည်ကြာစွာ ကျင်လည်ခဲ့ရပေပြီ။ ခင်တွယ်စရာ၊ တက်မက်စရာဟူ၍ အခါခါပွါးနေသူ၌ လောဘတရား တိုးပွါးကြပြီး ရွံရှာစရာ၊ မတင့်တယ် ဖွယ်ရာကို အခါခါပွါးများသူတို့တွင် လောဘကို အမြန်ကုန်စေ၏။ တရားအားထုတ်ရာတွင် ထို အစောင့်အရှောက် ကမ္မဋ္ဌာန်းတို့ကို ပွါးများအားထုတ်ပေးကြရပါမည်။ နက်နဲခက်ခဲသည့်တရားတို့ကို ပညာကြီးသူတို့သည် လျင်မြန်လွယ်ကူစွာ သိနိုင်၏။ ၀ိပဿနာ တရား အားထုတ်ခြင်းဖြင့် ပါရမီမပြည့်သေး၍ ယခုဘ၀ နိဗ္ဗာန် မမြင်ရသေးတောင်မှ နောင်ဘ၀ အဆက်ဆက် ပညာကြီးရင့်ကြောင်း ကုသိုလ်ဖြစ်၏။ ဘုရားရှင်လက်ထက်တော်၌ တရားတော် ကို တခဏမျှဟောကြားလိုက်ရုံဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိသူတို့မှာ သံသရာက ၀ိပဿနာတရား ပွါးများခဲ့ကြသူများဖြစ်၏။ “၀ိပဿနာ တရား အခါခါ ပွါးများပါသော်လည်း တရားမရသေး”ဟူ၍ စိတ်ပျက်အားငယ်ရန် မနေသင့်ပေ။ ပါရမီတရား မပြည့်မခြင်း ဖြည့်ကျင့် ဆည်းပူးရသည်ဖြစ်ခြင်းကြောင့် စိတ်ရှည်ဇွဲသန်သည်းခံပြီး ပွါးများအားထုတ်ကြရမည်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသလို ပြောရလျှင် သတိတရားမပြတ်မလပ်ဘဲ အားထုတ်နိုင်ပါက မနက်အားထုတ် ညနေ တရားရနိုင်ပေသည်။ သေခါနီးအထိ အားထုတ် နောက်ဘ၀ သောတာပန် အရင်ဖြစ်နှင့်မည်။ နောက်ဘ၀ သောတာပန် မဖြစ်နှင့်သေးလျှင် လည်း ဓမ္မကထိကနတ်သားက ဘုရားတရား ဟောကြားပေးလိုက်သည်နှင့် ချက်ချင်း တရားရသွားနိုင်ပေသည်။ နေ့စဉ် ကုသိုလ်ရအောင်အားထုတ်ရမည်မှာ ဒါနပြု၊ သီလဆောက်တည်၊ သမထအားထုတ်၊ ၀ိပဿနာပွါးများခြင်းဖြင့် ကျင့်ကြံရပေမည်။ ငါတို့ဖြင့် ၀ိပဿနာမှ ၀ိပဿနာဟူ၍ ဒါန၊ သမထ တို့ကို ပစ်ပယ်၍လည်း မနေသင့်ပေ။ တချို့ရှိတတ်လို့ သတိပေးခြင်းဖြစ်၏။ ဒါနသည် သံသရာရှည်သည်ဟု ဟောကြားသူများရှိကြပေသည်။ ဒါနသည် လောဘကိုသတ်ခြင်း ဖြစ်၏။ ကိုယ့်မှာရှိနေသည့် ပစ္စည်းဥစ္စာတို့ကို ခင်တွယ်သည့် လောဘတဏှာကို ပယ်သတ်နိုင်မှ ဒါနကို ပြုနိုင်ခြင်းဖြစ်သည်။ ဆရာကြီး ဦးရွှေအောင်ရေးသားခဲ့သည့် “တစ်စတစ်စ၊ စွန်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏။”ဆိုသည့်အတိုင်း လောဘကို တစ်စတစ်စ စွန့်နိုင်ပြီး နောက်ဆုံး ကုန်ခန်းသွားပြီး ဘ၀နိဂုံး အဆုံးသတ်နိုင်ကြမည် ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ရရှိအောင် ပွါးများအားထုတ်ရမည့် (၁) ကုသိုလ်၊ (၂) ဥစ္စာ၊ (၃) ကျန်းမာရေး၊ (၄) ပညာ (၅) ဘုန်းတန်ခိုး စသည်တို့ကို အနှစ်ထပ်ထုတ်လိုက်လျှင် (၁) ကျန်းမာရေးကို အထူးဂရုစိုက်ပြီး (၂) နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တရားအားလုံးတို့ကို ပွါးများအားထုတ်ရမည် ဖြစ်ပါသည်။ နေ့စဉ် ထိုငါးမျိုး ရရှိအောင် အားထုတ်ဖို့ သတိဖြစ်စေရန်အတွက် “ငါးမျိုး = ယနေ့ ဘာရပြီးပြီလဲ?” ဟူသော မေးခွန်းလေးကို မိမိကိုယ်ကို နေ့စဉ် မေးသင့်ပေသည်။ ည အိပ်ယာ ၀င်ချိန် မအိပ်ခင် မေးမိလိုက်လို့ ဘုရားရှိခိုးပြီးမှအိပ်လိုက်လျှင်ပင် လွန်စွာအကျိုးများသွားပါ မည်။ ဘုရားရှင်လက်ထက်က စဏ္ဍာလီဟူသော မိန်းမကြမ်းကြီးသည် သာသနာတွင်း လူဖြစ် ခွင့်ရသော်လည်း တောင်မွေးကို အဖော်ပြုချိန်အထိ ဘုရား၊ တရား၊ သံဃာကိုပင် ကိုးကွယ်ရ ကောင်းမှန်း မသိခဲ့သူဖြစ်၏။ တစ်နေ့ မြတ်စွာဘုရားရှင်က ထို အမျိုးသမီးကြီးသည် သေပြီးနောက် ငရဲသို့ လားရတော့မည်ကို မြင်လေသည်။ ဘုရားရှင်က ချီးမြှောက်တော်မူလို သောကြောင့် ထို အမျိုးသမီးကြီး သေရမည့်လမ်းမှ ဆီးကြို၍ ကြွချီတော်မူ၏။ လမ်း၌ ဆုံသော အခါ ဘုရားရှင်က ရပ်တော်မူပြီး အရှင်အာနန္ဒာအား ကြည့်တော်မူလေသည်။ အရှင်အာနန္ဒာ လည်း ထိုအမျိုးသမီးကို ဘုရားရှင် ချီးမြှောက်တော်မူလိုကြောင်းသိပြီး “လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် အသင့်အား ချီးမြှောက်ရန် လာခဲ့ခြင်းဖြစ် သည်” ဟုဆိုပြီး ဘုရားရှင်အား ရှိခိုးရန် တိုက်တွန်းလေ၏။ စဏ္ဍာလီအဘွားအိုကြီးသည် ဘုရားရှင်၏ မဟာကရုဏာတော်ဖြင့် ကြည့်ရှုနေသည်ကို မြင်လျှင် လောက၌ အမြတ်ဆုံး ဘုရားရှင်အား ယခုမှ သိခွင့်ရတယ်၊ ငါ့လိုလူကိုတောင် ကရုဏာထားတော် မူပေတယ်ဟူ၍ သတိသံဝေဂဖြစ်ပြီး မြတ်စွာဘုရားရှင်၏ ခြေဖမိုးတော်ကို အားရပါးရ ရှိခိုးလေ၏။ ဘုရားရှင်လည်း အထောက်အပံ့ကောင်း ရသွားသည်ဖြစ်ခြင်းကြောင့် ဆက်လက်၍ ကြွချီတော်မူလေသည်။ အမျိုးသမီးကြီးသည် ဘုရားရှင်အား ကြည်ညိုရင်း ကျန်ရစ်ခဲ့ပြီး ခရီးဆက်လေသော် နွားခွေ့ခံရကာ ထိုလမ်းမှာပင် သေဆုံးပြီး ဘုရားရှင်အား ကြည်ညိုစိတ်ကြောင့် နတ်ပြည်၌ စန္ဒာလီနတ်သမီးအဖြစ် ထင်ရှားဖြစ်ခဲ့လေသည်။ စာရှုသူဓမ္မမိတ်ဆွေအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ပါရမီကုသိုလ်တရားများ ပွါးများ အားထုတ်နိုင်ကြပါစေ။
Print Friendly and PDFPrintPrint Friendly and PDFPDF

ကရုဏာထား၍ မုဒိတာပွါးပါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ကရုဏာထား၍ ......... ကရုဏာတရားသည် စာနာထောက်ထားခြင်း၊ သနားငဲ့ညှာခြင်း၊ ကြီးနိုင်ငယ်ညှင်းမပြုခြင်းဟူ၍ နားလည်နိုင်ပါသည်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို နိုင့်ထက်စီးနင်းမပြုဘဲ အကျိုးစီးပွါး ဖြစ်အောင် ကူညီစောင့်ရှောက်ပေးခြင်းတရားပင်ဖြစ်၏။ ခွန်အားဆိုရာ၌ ကာယ၊ ဉာဏ၊ ၀ီရိယ၊ ဘုန်းကံပါရမီများ အစရှိသည်ဖြင့် ကြီးသူ၊ ငယ်သူဟူ၍ ရှိပေသည် ကာယဗလကြီးသူတို့က ကိုယ်ကာယနည်းသူတို့ကို နိုင်ထက်ကလူ ပြုတတ်ကြ၏။ ဉာဏ်ပညာ ကြီးသူတို့က ဉာဏ်ပညာနည်းသူတို့ကို နှိမ်တတ်ကြ၏။ ဘုန်းကံကြီးသူတို့ကလည်း ဘုန်းကံ နည်းသူတို့အပေါ် အထင်သေး အမြင်သေးဖြင့် ဆက်ဆံတတ်ကြပေသည်။ ထိုသို့ဖြစ်ခြင်းမှာ ကရုဏာဓာတ် နည်းပါးမှုကြောင့်ဖြစ်၏။ ကရုဏာဓာတ်ခေါင်းပါးသောအရပ်၌ ခွန်အား နည်းသူတို့အတွက် နေစရာလည်း,မရ၊ စားစရာလည်း,မ၀၊ ၀တ်စရာလည်း,မလှမပ ဖြစ်ကြရ ပေသည်။ ကျားက သမင်ကို စား၏။ ကျားကို မုဆိုးက မြှားဖြင့်ခွင်း၏။ ကရုဏာတရား ခေါင်းပါးမှု၏မြင်ကွင်း အလွန်ပင် အရုပ်ဆိုးလှပေသည်။ ကရုဏာတရားခေါင်းပါး၍ အချင်းချင်း ရက်စက်ကြမ်းကြုတ်နေသမျှ ရန်မီးမငြိမ်း ကိလေသာအပူမီးသာ ဖောင်းပွစေတော့၏။ သံသရာတစ်ဖက်ကမ်း ဘယ်ဆီတွင် လှမ်းမမြင်နိုင်တော့ပြီ။ သတ္တ၀ါတို့အား ကရုဏာထားနိုင် ကြကုန်သော ရဟန္တာအရှင်မြတ်တို့ကား ဒုက္ခအပေါင်းမှကင်းလွတ်ရာ နိဗ္ဗာန်သောင်ကမ်းသို့ လှမ်းကြွရောက်ရှိတော်မူကြကုန်ပြီ။ ထိုသို့ပင် မကသေး၊ အခြားသော သတ္တ၀ါတို့ကိုလည်း သူတို့ကဲ့သို့ အမြိုက်ချမ်းသာ ခံစား နိုင်အောင် လမ်းပြပေးတော်မူကြကုန်၏။ ဘုရားအလောင်းတော်ကြီး၏ ဘုရားဖြစ်ရန် ဆုပန်ခဲ့ ခြင်းသည် အခြားသောသတ္တ၀ါတို့ကို သနားငဲ့ညှာတော်မူသော ကရုဏာတရားကြောင့်ပင် ဖြစ်၏။ ငါကောင်းစားရေးကို ရှေ့တန်းမတင်၊ သူတစ်ပါးကောင်းစားရေးကိုသာ ရှေ့တန်းတင် တတ်သော မြင့်မြတ်သည့်စိတ်ကြောင့်ဖြစ်၏။ ဘုရားဆုပန်သည့် သုမေဓာရှင်ရသေ့ဘ၀တွင် အရဟတ္တမဂ်ဉာဏ်ရဖို့ ပါရမီရင့်ကျက်နေပြီဖြစ်သော်လည်း ငါတစ်ပါးတည်း ကိုယ်လွတ်မရုန်း၊ သူတစ်ပါးတို့ကိုပါ လမ်းပြကယ်တင်တော်မူဦးမည်ဟု ကြီးစွာသောကရုဏာတရား ဖြစ်တော်မူ သောကြောင့် သစ္စာလေးပါးမြတ်တရားအား ထူးကဲစွာဟောကြားနိုင်သည့် သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိရေးအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတ်ပတ်လုံး အပင်ပန်း အဆင်းရဲခံကာ အနစ်နာခံခဲ့တော်မူလေ၏။ တစ်ခုသောဘ၀တွင် ဘုရားအလောင်းတော်ကြီးသည် သမင်တို့ကိုအုပ်စိုးသည့် ရွှေသမင်မင်း ဖြစ်ခဲ့သောကာလ၌ သမင်အသားကို နှစ်သက်စွာစားသောက်တတ်သော ဘုရင်ကြီး၏ အမိန့်ကြောင့် သမင်အပေါင်း ခြံတစ်ဝန်းတည်းတွင် ချုပ်နှောင်ခံခဲ့ရလေသည်။ မင်းချင်းတို့က တစ်နေ့လျှင် သမင်တစ်ကောင်ကျ ဖမ်းဆီးသတ်ဖြတ်၍ ဘုရင်ထံ သမင်ဟင်း ဆက်သကြရ ပေသည်။ သမင်တို့မှာလည်း မိမိအသက်အရေးထက် ဘယ်အရေးမှ မယှဉ်နိုင်တာကြောင့် ကြောက်အားလန့်အားနှင့် ပြေးလွှားခုန်ပေါက်ကာ အသက်ဘေးမှရုန်းထွက်ကြရာတွင် အချင်း ချင်းတိုက်ခိုက်မိ၍ သေဘေးသို့ပင် မရောက်ချင်ဘဲ ဆိုက်ရောက်ကြရကုန်၏။ ထိုအရေးကို မြင်တွေ့နေရသည့် ဘုရားအလောင်း ရွှေသမင်မင်းကြီးက ကြံစည်စဉ်းစားတော်မူရာတွင် ထို ကဲ့သို့ ပြေးလွှားမှုမပြုဘဲ တစ်နေ့လျှင် တစ်ကောင်ကျ၊ အလှည့်ကျ လည်စင်းပြီး အသေခံ ပေးရန် သမင်အပေါင်းတို့ကို အကြံပြုတော်မူရာ သမင်းအပေါင်းကလည်း လက်ခံကြလေ သည်။ သမင်အုပ်စုနှစ်စုရှိကြရာ တစ်ဖက်အုပ်စုကိုအုပ်စိုးသည်က အရှင်ဒေ၀ဒတ်အလောင်း သမင် မင်းဖြစ်လေ၏။ အုပ်စုနှစ်စုမှ တစ်ဖက်တစ်ကောင် အလှည့်ကျဖြင့် စဉ်းတီတုံးတွင် နေ့စဉ် လည်းစင်းခံ သေပွဲဝင်ကြရင်း တစ်နေ့၌ အရှင်ဒေ၀ဒတ်အလောင်း သမင်မင်းအုပ်စုမှ ကိုယ်ဝန် ဆောင် သမင်မတစ်ကောင်အလှည့်သို့ ရောက်ချိန်တွင် ခေါင်းဆောင်သမင်ကြီးထံ အသနား ခံတော်မူလေ၏။ ဒေ၀ဒတ်အလောင်းသမင်မင်းက အယူခံပယ်ချလိုက်သဖြင့် ဘုရား အလောင်းတော် ရွှေသမင်းကြီးထံ တစ်ဖန် အသနားခံလေ၏။ အလောင်းတော်ကြီးသည် ပါရမီဖြည့်ကျင့်နေသည်ကိုက မိမိအတွက် မဟုတ်ခဲ့။ သူတစ်ပါးတို့အတွက်သာ ရှေ့တန်းတင် ထားခဲ့သည်ဖြစ်ခြင်းကြောင့် သူတစ်ပါးအတွက် အသက်ကိုပေးဖို့ မနှေးအမြန် မိမိသာ သေပွဲ ၀င်မည်ဟု ထိုသမင်မလေးအစား မိမိအသက်ကိုပေးရန် စဉ်းတီတုံး၌ လည်းစင်းခံခဲ့တော် မူလေ၏။ ထိုမြင့်မြတ်မှုသဘောကို မြင်တွေ့ကြရသည့် မင်းချင်းတို့က ရှင်ဘုရင်ကြီးထံ လျှောက်ကြားကြသဖြင့် ဘုရင်ကြီးက အလွန်လေးစားတော်မူကာ ဘုရားအလောင်း ရွှေသမင် ကြီး၏ သတ္တ၀ါတို့၏အသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရေး တရားစကားကို နာကြားခဲ့ရ ပြီးနောက် သမင်အပေါင်းတို့ကို ဘေးမဲ့ပေး ချမ်းသာခွင့်ပြုခဲ့လေသည်။ ဘုရားအလောင်း တော်ကြီး၏ ကရုဏာဓာတ် အလွန်ကြီးမြတ်မှုမှာ ကြည်ညိုစရာအလွန်ကောင်းလှပါသည်။ ကရုဏာတရား ကြီးမားကြသောသူတော်ကောင်းတို့သည် ဘေးဒုက္ခအခက်အခဲများ ကြုံတွေ့ နေကြသူ၊ မိမိထက်ပိုပြီး ဆင်းရဲဒုက္ခရောက်သူတို့ကိုတွေ့လျှင် သနားကြင်နာစိတ်များဖြစ်ကာ “သူတို့ကို ငါဘာများကူညီ ပေးနိုင်ပါမည်နည်း”ဟု တွေးကြပေသည်။ ကူညီနိုင်သလောက် ကူညီချင်စိတ်များ တဖွားဖွားဖြစ်ကြပြီး ထိုဒုက္ခရောက်နေသူအပေါင်းတို့အား လှူဒါန်းပေးကမ်း ခြင်းအမှုများကိုလည်း လွန်စွာနှစ်သက်တော်မူကြပေ သည်။ လာဘ်လာဘပေါခြင်း၊ လာဘ်လာဘနည်းခြင်း၊ အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံ နည်းခြင်း၊ ချမ်းသာခြင်းနှင့်ပြည့်စုံခြင်း၊ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရခြင်းစသည့် လောကဓံတရား တို့သည် တစ်ပြေးတည်းရှိနေသည်မဟုတ်၊ အနိမ့်အမြင့်ရှိတတ်သည့်သဘောသာလျှင် လောကဓမ္မတာဖြစ်သည့် အတွက် ဒုက္ခဆင်းရဲနှင့် လူတိုင်းတွေ့ကြုံကြရ၏။ ထိုအချိန်၌ အချင်းချင်းကူညီဖေးမခြင်းအမှုသည် သူတော်တို့၏အလုပ်ပင်ဖြစ်သည်။ မိမိ၌ရှိသော အခွင့် အရေးကောင်းတို့ကို မိမိတစ်ယောက်တည်းမခံစား၊ သူတစ်ပါးတို့ကိုလည်း ဝေမျှခံစား သုံးဆောင်မည်ဟူသောစိတ်ထားသည် သူတော်ကောင်းတို့၏ ကရုဏာစိတ်ထားပင်တည်း။ သည့်ထက် မြင့်မြတ်သည့်စိတ် မွေးမြူနိုင်သည့်အခါ မိမိရထားသည့် အခွင့်အရေးကိုပင် မိမိ မသုံးဆောင်တော့ဘဲ သူတစ်ပါးအတွက် စွန့်လွှတ်နိုင်ပေသည်။ ဘုရားအလောင်းတော် ကြီးများသည် ပါရမီဖြည့်ကျင့်ရာ၌ သူတစ်ပါးအတွက် မိမိအသက်ကိုပင် စွန့်လွှတ်နိုင်ခြင်းမှာ ကြီးစွာသောကရုဏာစိတ်ကြောင့်ပင်ဖြစ်၏။ ဘုရားရှင်သည် လောကကို တစ်နေ့လျှင် ခြောက်ကြိမ်ကြည့်ရှုတော်မူပါသည်။ ကရုဏာသမာ ပတ်ဝင်စားတော်မူခြင်းဟုလည်းခေါ်၏။ ထိုသို့ကရုဏာသမာပတ်ဝင်စားရာ၌ စတုတ္ထဈာန်အထိ ပင်ရောက်တော်မူကြောင်း မှတ်သားသိရှိရပါသည်။ ထိုသို့ နေ့စဉ်ကြည့်ရှုတော်မူပြီး သတ္တ၀ါ တို့ကို ကယ်တင်နိုင်ခြင်းရှိ/မရှိဆင်ခြင်ပြီး ကယ်တင်နိုင်သည့်သတ္တ၀ါဖြစ်က သံသရာမှ လွတ်မြောက်ကြောင်း၊ ဘေးဒုက္ခမှ ကင်းလွတ်ကြောင်း တရားဟောကြားဆုံးမပြီး လမ်းမှန်ပြ ကယ်တင်ပေးတော်မူ၏။ ထိုသို့ ကယ်တင်ရာ၌ တန်ခိုးတော်ဖြင့် ချမ်းသာစေဟူ၍ ဖန်ဆင်း ပေးခြင်းမျိုးမဟုတ်။ သတ္တ၀ါတို့သည် “အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်ကိုသာ အားကိုးအားထားရာ”ဖြစ်ခြင်းကြောင့် မိမိပြုလုပ်သော မနောကံအမှု၊ ၀စီကံအမှု၊ ကာယကံ အမှုတို့သာလျှင် မိမိအကျိုးကိုဖြစ်ထွန်းစေသည်ဖြစ်ခြင်းကြောင့် သတ္တ၀ါတို့၏ ထိုအမှုတို့ ကောင်းအောင် ဆုံးမပေးခြင်း၊ ဆောင်ရွက်ပေးခြင်းကို ဘုရားရှင်က ကယ်တင်တော်မူခြင်းဟု ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာစကားပုံ၌ “လဲနေသူကို ထူပေးပါ၊ အားငယ်သူကို အားပေးပါ”ဆိုသောစကားများသည် အချင်းချင်း ကရုဏာထားကြရန်အတွက် နှိုးဆော်ထားသောပညာရှိတို့စကားဖြစ်၏။ ယခုခေတ် မိဘမဲ့ ကလေးဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မျက်မမြင်စောင့်ရှောက်ရေးကျောင်း၊ အခမဲ့ ဆေးကုခန်း၊ ဆေးပေးခန်းများ၊ နားမကြားသူများကျောင်း၊ အနာကြီးရောဂါသည်စခန်း အစရှိသည်ဖြင့် ဘ၀အကျိုးပေးမကောင်းသူ၊ အိုမင်းမစွမ်းကြသူတို့ကို ၀ိုင်းဝန်းပြီး ကူညီဖေးမ စောင့်ရှောက်ကြသည်မှာ ကရုဏာစိတ်ရှိသူတို့၏ မွန်မြတ်သောဆောင်ရွက်မှုတို့ဖြစ်ပေသည်။ ကရုဏာဘာဝနာပွါးများရာ၌ ဆင်းရဲဒုက္ခရောက်နေသူတို့ကိုအာရုံပြု၍ ဆင်းရဲဒုက္ခရောက်နေ ခြင်းမှ လွတ်မြောက်ကြပါစေ၊ ဘေးရန်တွေ့နေကြသူတို့ကိုအာရုံပြု၍ ဘေးရန်အပေါင်းမှ လွန် မြောက်ကြပါစေ၊ စိုးရိမ်သောကတို့ဖြင့် ပူဆွေးနေသူတို့ကိုအာရုံပြု၍ စိုးရိမ်သောကရောက်နေ ခြင်းမှ ကျော်လွှားနိုင်ကြပါစေဟူ၍ ပွါးများရပေသည်။ ကရုဏာအစား သောက၀င်လာတတ် သောကြောင့် သတိရှိရပေမည်။ ဒုက္ခရောက်နေသူကို မြင်တွေ့ရသည့်အခါ သနားကရုဏာ ဖြစ်မိခြင်းမှ သောကသို့ရောက်ပြီး ငိုးကြွေးမိတတ်၏။ တစ်ခါတစ်ရံ သနားစရာဟု နှလုံးသွင်းမိ ခြင်းကနေ နှလုံးမသာမယာဖြစ်ရခြင်းတို့မှာ ကရုဏာစိတ်မှ သတိဉာဏ်ကင်းလွတ်၍ သောက သို့ရောက်သွားခြင်းပင်ဖြစ်၏။ ထို့ကြောင့် အကြောင်းအကျိုးဆက်စပ်မှုကို ဆင်ခြင်ခြင်း သတိဉာဏ် ရှေ့သွားရှိရန်မှာ အချိန်တိုင်းလိုအပ်လှပေသည်။ မုဒိတာပွါးပါ “စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။”ဟူသော မန်လည်ဆရာ တော်ဘုရားကြီး၏ မဃဒေ၀လင်္ကာသည် အချင်းချင်း မနာလို၊ ၀န်တိုစိတ်များ မထားဘဲ သူတစ်ပါးချမ်းသာခြင်းကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ မုဒိတာပွါးရန် ဆုံးမထားပါသည်။ ဘုရားရှင်ကလည်း သတ္တ၀ါတွေ ချမ်းသာချင်လျက် မချမ်းသာဘဲ ဆင်းရဲနေလျက်သာ ရှိနေကြ ခြင်းမှာ ဣဿာ၊ မစ္ဆရိယစိတ်များကြောင့်ပင်ဖြစ်သည်ဟူ၍ နတ်သားတစ်ပါး၏ မေးလျှောက် ခြင်းကို ဖြေကြားတော်မူခဲ့ပေသည်။ နှလုံးသွင်းနေရုံဖြင့် အကုသိုလ်ရနေသည့်အလုပ်မှာ သူတစ်ပါးချမ်းသာအား ဣဿာမစ္ဆရိယ ပွါးနေသောအလုပ်ဖြစ်သလို နှလုံးသွင်းနေရုံဖြင့် ကုသိုလ်တရားဖြစ်နေသောအလုပ်မှာလည်း သူတစ်ပါးတို့၏ချမ်းသာအား မုဒိတာပွါးနေသည့်အလုပ်ပင်ဖြစ်၏။ ကောင်းမှုပြုတတ်သူကိုမြင် လျှင် “မွန်မြတ်လိုက်တာ၊ ဂုဏ်ယူစရာ ကောင်းလိုက်တာ”ဟူ၍ မုဒိတာပွါးလိုက်လျှင် ကိုယ်ပါ သူကောင်းမှုပြုသလို ကုသိုလ်တွေဖြစ်နိုင်သော်လည်း သူတစ်ပါးကုသိုလ်လုပ်နေသည့်အလုပ် ကို ၀မ်းမြောက်ဝမ်းသာ မုဒိတာမပွါးနိုင်ဘဲ မဲ့ရွဲ့စောင်းမြောင်းတတ်သောသူတို့မှာကား နေရင်းထိုင်ရင်ပင် မိမိအတွက် ငရဲမီးများကို မိမိကိုယ်တိုင်မွှေးနေသလိုဖြစ်တော့၏။ ပညာဉာဏ်အလင်းမရသူတို့မှာ သာသနာတွင်းလူဖြစ်ရသော်လည်း ရခဲလှသည့်ဒုလ္လဘတရား ကို ကြုံတောင့်ကြုံခဲ၊ ရတောင့်ရခဲဟူ၍ သတိမရှိနိုင်တော့ဘဲ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ဖြင့် နေကုန်အောင် အချိန်ကိုအသုံးချကြပေသည်။ သောက်မယ်၊ စားမယ်၊ ပျော်မယ်၊ ပါးမယ်ဟူ၍ အချိန်ကို အသုံးချနေကြတော့၏။ ထိုသို့မြင်တွေရလျှင်လည်း ကရုဏာ ထား၍ သံဝေဂပွါးရမည်ဖြစ်ပါသည်။ “မင်းတို့မလို့ ငွေရှိလို့ အရက်ကောင်းကောင်း ၀ယ်သောက်နိုင်တယ်၊ တို့ဖြင့် ငွေမရှိလို့ ထန်းရေခါးလေးတောင် မသောက်နိုင်ဘူး”ဟူ၍ သူတစ်ပါးမကောင်းမှုကို ၀မ်းမြောက်ဝမ်းသာအားပေးခြင်းမျိုးကို မုဒိတာပွါးခြင်းဟု မဆိုလိုပေ။ သူ၏ချမ်းသာကြွယ်ဝနေခြင်းကို မုဒိတာပွါးပေးရသော်လည်း မကောင်းမှုလုပ်ခြင်းကိုကား အားပေးအားမြှောက် မလုပ်မိရန် သတိရှိသင့်ပေသည်။ တချို့လူကြီးများသည် လူငယ်များ အရက်သောက် မိန်းမရှုပ်သည်ကို မည်သို့ခွင့်လွှတ်ပြီး တလွဲမုဒိတာပွါးကြသနည်းဆိုရလျှင် “လူငယ်ပဲ ဒီလောက်တော့ ရှိမှာပဲ။ ငယ်တုန်း ပျော်ထားကြကွ။ ကြီးလာလျှင် သားတွေသမီးတွေနဲ့ ငယ်ငယ်ကလို ရှုပ်လို့ပွေလို့ မကောင်းဘူးဟ။ မင်းတို့ခေတ်မင်းတို့ခါမှာ နည်းစနစ်တွေက ကောင်းတော့ အကာအကွယ်တွေက ပေါသနဲ့ ဟန်ကျသကွာ”ဟူ၍ ဖြစ်၏။ မြတ်ဗုဒ္ဓ၏အဆုံးအမကား “အပြစ်ကင်းကွာ၊ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ်သဘောတည်း”ဟူ၍ ဖြစ်ပေသည်။ အပြစ်မကင်းသော စိတ်ချမ်းသာခြင်းမျိုးမှန်သမျှ မိမိ၏နှလုံးသွင်း၊ အပြော၊ အလုပ်တို့သည် စိတ်ချမ်းသာနေသော်လည်း ကုသိုလ်တရားမဖြစ်နိုင်ပေ။ အပြစ်ကင်းအောင် နေမှ စိတ်ချမ်းသာမှုအစစ်ရသလို ကုသိုလ်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မုဒိတာပွါးများ ရာတွင် သူတစ်ပါးတို့၏ကောင်းကျိုးရရှိခြင်း၊ ကောင်းသောအမှု ဆောင်ရွက်နိုင်ခြင်းတို့ကို ၀မ်းမြောက်ဝမ်းသာဖြစ်ရပေမည်။ ဗုဒ္ဓဘာသာသူတော်စင်များ ကောင်းမှုပြုပြီးတိုင်း အမျှဝေကာ ကြေးစည်ထု၊ ခေါင်းလောင်းထိုး ကြသည်မှာ မိမိ၏ကောင်းမှုအဖို့ဘာဂကို သူတစ်ပါးတို့အားလည်း ၀မ်းမြောက်စေလိုသောဆန္ဒ၊ မိမိရသကဲ့သို့ ရနိုင်ကြစေလိုသောဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်၏။ ထိုသို့ကြားသိရလျှင် “အသင်၏ ပညာနှင့်ယှဉ်သော ကုသိုလ်တို့အား သာဓုခေါ်ပါ၏”ဟူ၍ ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ၎င်း၏ကောင်းမှုပြုနိုင်ခြင်း၊ မိမိထက် သာလွန်မွန်မြတ်သော အားထုတ်နိုင်ခြင်း တရားတို့ကို မုဒိတာပွါးများရပေသည်။ တစ်ခါက သူငယ်ချင်းနှစ်ဦးရှိရာ တစ်နေ့သ၌ တစ်ဦးက မြစ်ချောင်းတစ်ခုဘေးတွင် ငါးမျှား၍ နေ၏။ ကျန်တစ်ဦးက ဥပုသ်သီတင်းဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့သွား၏။ ကျောင်း သိုသွားနေသောသူက ငါးမျှားနေသော သူငယ်ချင်းကို ကျောင်းမရောက်ခင်လမ်း၌ တွေ့ဆုံ စကားပြောနှုတ်ဆက်ခဲ့လေသည်။ ကျောင်းသို့ရောက်ပြီး ရဟန်းတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ ကျောင်းဝန်းတွင်ရှိနေစဉ် စဉ်းစားနေသည်မှာ “ဥပုသ်သီတင်း ဆောက် တည်ရတာ ပျင်းစရာကောင်းလိုက်တာ။ ငါ့သူငယ်ချင်းလို အေးအေးဆေးဆေး ငါးမျှားပြီး နေ တာက အပန်းပြေဦးမယ်”ဟူ၍ဖြစ်၏။ ငါးမျှားနေသောသူငယ်ချင်းက စဉ်းစားနေသည်မှာ “ငါဘ၀ ဆင်းရဲလှ၍ ငါးမျှားပြီး ငါးလေးတွေရောင်းချကာ ၀မ်းရေးကျောင်းနေရတယ်။ ငါ့ သူငယ်ချင်းကျတော့ ဘ၀ပေးကုသိုလ်ကံ ကောင်းလိုက်တာ။ သူ့မိဘတွေကချမ်းသာတော့ ငါ့လို အကုသိုလ် အလုပ်နဲ့လည်း အသက်မွေးစရာမလိုဘူး။ အခုလို ဥပုသ်နေ့တွေမှာလည်း သီတင်းသီလတွေဆောက်တည်ပြီး ကောင်းမှုကုသိုလ်တွေပြုနေလိုက်တာ သာဓုခေါ်ပါတယ်။”ဟူ၍ သူငယ်ချင်း၏ မိမိထက် ကောင်းမှု ဆောင်ရွက်နိုင်ခြင်းအား မုဒိတာပွါး၍ ဂုဏ်ယူဝမ်းမြောက်နေလေသည်။ မကောင်းမှုပြုလုပ်နေ သော်လည်း နှလုံးသွင်းမှန်နေချိန်မှာ ရုတ်တရက်သေသွားလျှင် ငှါးမျှားနေသူက နတ်ပြည်ရောက်နိုင်သော်လည်း ဥပုသ် သီတင်းဆောက်တည်နေသူက မကောင်းမှုအကြောင်းစဉ်းစားနေချိန် သေသွားလျှင် အပါယ်သို့ ကျရောက်နိုင်ပေသည်။ သူတစ်ပါးတို့၏ ကောင်းမြတ်သောအကျိုးတရားရရှိနေခြင်း၊ အခွင့်ထူးခံစားနေရခြင်း၊ မိမိထက် သာလွန်မြင့်မြတ်နေခြင်း၊ မိမိထက် ကောင်းမှုတရားများ ပိုမိုဆောင်ရွက်နိုင်ခြင်း စသည့် အရည်အချင်းကောင်းများနှင့် ကုံလုံကြွယ်ဝနေသူတို့နှင့်တွေ့လျှင် ဣဿာမစ္ဆရိယစိတ်များ မဖြစ်ပွါးဘဲ မုဒိတာပွါး၍ ကုသိုလ်တရားများ တိုးပွါးအောင် နှလုံးသွင်းသင့်ပေသည်။ ထိုသို့ သူတစ်ပါးတို့၏ ချမ်းသာခြင်းအား မုဒိတာပွါးနေခြင်းသည် ငွေကုန်စရာမလို၊ အချိန်ပေးပြီး ဆောင်ရွက်နေစရာမလိုဘဲရရှိသည့် ပါရမီကုသိုလ်ထူးပင်ဖြစ်၏။ ထို့နောက် သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ပေါကြွယ်ဝခြင်းကို မုဒိတာပွါးနေရုံဖြင့် ရောင့်ရဲမနေဘဲ မိမိက စောင့်ရှောက်ပေး နိုင်ပါက စောင့်ရှောက်ပေးခြင်း၊ သည့်ထက်မက တိုးပွါးအောင်အကြံပြုပေးနိုင်က အကြံဉာဏ် ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့၏ကောင်းကျိုးချမ်းသာရရှိရေးအတွက် အားထုတ်ကြိုးပမ်း သင့်ပေသည်။ “မေတ္တာထား၍ ဥပေက္ခာပွါးပါ၊ ကရုဏာထား၍ မုဒိတာပွါးပါ”ဟူသော ဓမ္မဆောင်းပါးနှစ်ပုဒ်ဖြင့် တစ်ကန့်စီ ပေါင်းစပ်ရေးသားဖော်ပြလိုက်ရသော်လည်း “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” စသည့် ဗြဟ္မစိုရ်တရားလေးပါးစလုံး အတူညီမျှနေအောင် ပွါးများအားထုတ်နေရမည်ဖြစ်၏။ ထိုတရားလေးပါးတို့သည် ကမ္ဘာကြီးကို စောင့်ကြပ်သောတရားလေးပါးလည်းဖြစ်သလို လူတို့ ၏အသက်ကိုလည်း စောင့်ရှောက်သောတရားတို့ဖြစ်၏။ လူသားတို့ ဗြဟ္မစိုရ်တရားဖြင့် နေထိုင်ကျင့်ကြံသူများသည့်အချိန်တွင် ရာသီဥတုကောင်း၍ လူ့သက်တမ်းမှာလည်း အ သင်္ချေယအထိ ရှိပေသည်။ လူသားတို့ ဗြဟ္မစိုရ်တရားခေါင်းပါး၍ အချင်းချင်း ရက်စက် ကြမ်းကြုတ်ကြသည့်အခါတွင် ကပ်သုံးပါးဆိုက်၍ နောက်ဆုံး ကမ္ဘာကြီးပင်ပျက်ရပါဦးမည်။ ဆောင်းပါးနိဂုံးအနေဖြင့် ပဋ္ဌာန်းဆရာတော်ဦးဝိသုဒ္ဓ ရေးသားဆုံးမထားသော ဗြဟ္မစိုရ်တရား လေးပါးကျင့်ကြံပုံလင်္ကာလေးဖြင့် အဆုံးသပ်ပါမည်- “တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည် ပြိုင်မည့်အစား မေတ္တာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။ နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည် နိုင်မည့်အစား ကရုဏာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။ မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည် ရွဲ့မည့်အစား မုဒိတာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။ မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည် မဲ့မည့်အစား ဥပေက္ခာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန် တိုင်လိမ့်မည်။” စာရှုသူ ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။ (ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)
Print Friendly and PDFPrintPrint Friendly and PDFPDF

လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားများ

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ကောင်းတာကျင့်တော့ ကောင်းကျိုးရ၊ မကောင်းတာကျင့်တော့ ဆိုးကျိုးရတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံယုံကြည်ကြတဲ့ ကံနဲ့ကံအကျိုးအပေါ် သက်ဝင်ယုံကြည်တတ်ကြခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ပါပဲ။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာတွေ ခံစားချင်ကြလို့ ကောင်းမှုတွေ အားထုတ်နေတာမျိုးဆိုရင်လည်း ကိုယ့်ခန္ဓာ ကိုယ်ရောင်းစားနေသလို ဖြစ်နေမယ်။ အကျိုးတရားကို ဉာဏ်နဲ့သိပြီး ဒီဘ၀တွေရနေလျှင် ဒီဒုက္ခတွေက လွတ်မှာမဟုတ်၊ ကြုံပြီးရင်းကြုံ၊ ဆုံပြီးရင်းဆုံကြရကာ ဟိုဘ၀နဲ့ သွားပြီးဒုက္ခခံလိုက်၊ ဒီဘ၀နဲ့နေပြီး ဒုက္ခခံလိုက်နဲ့ ဒုက္ခနယ်ထဲက မလွတ်တမ်းနေခဲ့ကြတဲ့ သံသရာဝဲရဟတ်ကြီးက လွတ်မြောက်နိုင်ရန်အလို့ငှါ၊ ဒုက္ခအပေါင်းက ကင်းလွတ်ရာ အမှန်ဖြစ်တဲ့ နိဗ္ဗာန်ရရှိရန်အလို့ငှါ အားထုတ်မှသာလျှင် ဉာဏ်ပါတာကြောင့် ပါရမီဖြည့်ဆည်းခြင်း ဖြစ်နိုင်ပါတယ်။ ဘုရားလက်ထက်က ပုဏ္ဏားတစ်ဦးက မေးလျှောက်လို့ ဘုရားရှင်ဖြေကြားတော်မူတဲ့တရားကို ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များရဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ITBMU)တွင် ပရိယတ္တိ စာပေများသင်ယူနေကြသည့် စာသင်သားရဟန်းတော်များအား (၂၂)ကြိမ်မြောက်လစဉ်အလှူတော်၌ စာသင်သား ရဟန်းတော်ဟောကြားချီးမြှင့်လိုက်တဲ့တရားကို ဓမ္မဒါနရေးသားလိုက်ပါတယ်။ လောကီ အတွက်ရော လောကုတ္တရာအတွက်ရော ချမ်းသားကြီးပွါးကြောင်းတရားများက ဘယ်လိုတရားမျိုးတွေပါလဲ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က လောကီအတွက် ချမ်းသားကြီးပွါးကြောင်းတရားက ၄ ပါး၊ လောကုတ္တရာအတွက် ချမ်းသာကြီးပွါးကြောင်းတရားက ၄ ပါးရှိကြောင်း ဝေဖန်ပိုင်း ခြား၍ ဖြေကြားတော်မူပါတယ်။ လောကီချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး ၁) ဥဋ္ဌာနသမ္ပဒါ(ထကြွလုံ့လရှိခြင်း)။ ။“မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊ ကယ်မည့်သူ ဘယ်မရှိ၊ သေချာဒုက္ခ ရောက်မည်သိ”ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ။ ကြိုးစားအားထုတ်မှု လုံ့လမရှိလျှင်တော့ သူ့အတွက် အောင်မြင်မှု၊ ကြီးပွါးတိုးတက် မှုဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချမ်းသာကြီးပွါးချင်ရင် လုံ့လရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ဒါမှ တိုးတက်အောင်မြင်မှာ သေချာပါတယ်။ ၂) အာရက္ခသမ္ပဒါ(လုံ့လ၀ီရိယကြောင့်ရရှိသော စည်းစိမ်ဥစ္စာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း)။ ။ စီးပွါးဥစ္စာ တွေတော့ ရှာထားတယ်၊ ပြည့်စုံကြွယ်ဝလာတယ်။ ဒါနဲ့တင် မပြည့်စုံသေးပြန်ပါဘူး။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး”ဆိုတဲ့ ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပစ် နိုင်တာကြောင့် ဘယ်လိုမျိုး စောင့်ရှောက်ထိန်းသိမ်းထားလျှင် လွတ်နိုင်မလဲ၊ ကာကွယ်ပြီးသားဖြစ်မလဲဆိုတာကိုလည်း တတ်ကျွမ်းနားလည် နေရမယ်။ ဆောင်ရွက်တတ်ရပါ့မယ်။ ဒါမှ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ယုတ်လျော့မသွားဘဲ ကြာရှည်စွာတည်တံ့နိုင်မှာပဲဖြစ်တယ်။ ရ,ထား သမျှ အကျိုးမရှိ ကိုယ်ကိုယ်တိုင် သုံးဖြုန်းပစ်နေလျှင်လည်း ရရှိထားသမျှ ဥစ္စာတွေဖျက်ဆီးပစ်ဖို့ ကိုယ်ကိုယ်တိုင် ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ အပျော်အပါး၊ အသောက်အစား၊ အမော်အကြွားတွေ၊ အလောင်း ကစားတွေလုပ်မိလျှင် တဖြည်းဖြည်းလုံးပါးပါးပြီး နောက်ဆုံး မွဲပြာကျ ဆင်းရဲသွားသူတွေ(အထည်ကြီးပျက်တွေ) ဖြစ်သွားနိုင်တယ် ဆိုတာ အမြဲသတိရှိကြရပါမယ်။ ၃) ကလျာဏမိတ္တသမ္ပဒါ(မိတ်ဆွေကောင်းများနှင့်ပေါင်းဖော်ခြင်း)။ ။ မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။ ၄) သမဇီဝိတသမ္ပဒါ(ဥစ္စာအင်အားနှင့်တိုင်းထွာ၍ ညီမျှစွာအသက်မွေးခြင်း)။ ။ ရတာက တစ်ပဲ၊ သုံးတာက တစ်ပိဿာ ဆိုရင်တော့ အကြွေးက နောက်ဘ၀ထိတောင် ဆပ်လို့ မကျေနိုင်ဖြစ်နေမယ်။ ရတာကနည်းနည်း စားချင်တာကများများ၊ သုံးချင်တာက သူ့ထက်တော့ အောက်မကျချင်ဖြစ်နေတော့ ရတာနဲ့ သုံးတာ မမျှတဲ့အတွက် ဘယ်လိုမှ စီးပွါးဥစ္စာက စုနိုင်မှာမဟုတ်ဘူး။ “ချွေတာစုဆောင်း သူဌေးလောင်း” ဆိုတဲ့အတိုင်း ကိုယ့်ဝင်ငွေနဲ့ထွက်ငွေ နှိုင်းနှိုင်းချိန်ချိန်နဲ့ သုံးစွဲရမယ်။ ပြီးတော့ အသုံးနဲ့အဖြုန်း ကွဲကွဲပြားပြား နားလည်ကြရပါမယ်။ ၀င်ငွေ ထွက်ငွေကို သေချာစိစစ်တွက်ချက်ပြီး ရတာလေးနဲ့ ၀အောင်စား၊ ရတာလေးနဲ့ လှအောင်ဝတ် ဆိုတဲ့အတိုင်း မျှမျှတတဖြစ်အောင် အသုံးပြု တတ်မှ ဥစ္စာစီးပွါးတွေဟာ လိုတာထက်ပိုအကုန်တဲ့အတွက်၊ ဖြုန်းတဲ့သဘော မဖြစ်တော့တဲ့အတွက် တစ်နေ့တစ်ခြား ဒီရေအလားကဲ့သို့ တိုးပွါး စည်ပင်နေမှာပဲ ဖြစ်ပါတယ်။ လောကုတ္တရာချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး ၁) သဒ္ဓါသမ္ပဒါ(ရတနာသုံးပါးဂုဏ်နှင့် ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်း)။ ။လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ရတနာတို့သည် ဘုရား၊ တရား၊ သံဃာတို့ဖြစ်ကြတယ်။ ရတနာသုံးပါးဂုဏ်တွေက ဘာတွေလဲ၊ ထိုဂုဏ်တော်တို့ ရှိတော်မူကြတဲ့အတွက် ကိုးကွယ်ထိုက်တယ်၊ အလေးအမြတ်ပြုအပ်တယ်၊ သံသရာဝဲဒုက္ခမှလွတ်အောင် လမ်းပြတော်မူကြတဲ့ ရတနာမြတ်သုံးပါးတို့ဟာ လောကီရတနာမျိုးစုံတို့ထက် သာလွန်မြင့်မြတ်တော်မူတယ် စသဖြင့် ယုံကြည်မှု သဒ္ဓါသမ္ပဒါ ရှိကြရမယ်။ ရတနာမြတ်သုံးပါး ဂုဏ်တော်တွေကို ယုံကြည်မှ ဘုရားရှင် အဆုံး အမတွေကို လိုက်နာနိုင်မယ်။ တရားတော်ကို သက်ဝင်ယုံကြည်မှ တရားအဆုံးအမစာပေတွေကို အလေးဂရုပြုပြီး ကျင့်ကြံပွါးများအားထုတ်နိုင်မယ်။ ဘုရားသားတော်ရဟန်းသံဃာတော် အရှင်သူမြတ်တွေဟာ လည်း ဘုရားရှင်တော်ကိုစား လက်ဆင့်ကမ်းဆုံးမတော်မူကြတယ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့မြင့်မြတ်တဲ့အတွက် လောကရဲ့ သစ္စာတရားတွေကို ဟောပြောဆုံးမတော်မူနိုင်ကြတယ် စသဖြင့် ကြည်ညိုသဒ္ဓါတရားရှိမှ မိမိတို့အနေနဲ့ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အကြီးဆုံးဘေးတွေက လွတ်မြောက်နိုင်မှာပဲဖြစ်တယ်။ “သဒ္ဓါတရားက လက်နဲ့တူတယ်”လို့ ဘုရားရှင်က ဥပမာဆောင်ပြပါတယ်။ လက်မပါတဲ့သူတွေဟာ ကိုယ့်ရှေ့မှာ ရွှေငွေဥစ္စာရတနာတွေကို တွေ့နေသော်လည်း ကောက်မယူနိုင်၊ သယ်မသွားနိုင်သလိုဘဲ ရတနာမြတ်သုံးပါးအပေါ်မှာ သဒ္ဓါတရားနဲ့ မပြည့်စုံတော့ အဆုံးအမတွေကို မလိုက်နာနိုင်၊ သံသရာမှ မလွတ်မြောက်နိုင်ဘဲ သံသရာထဲမှာ အဖန်ဖန်ကျင်လည်နေကြရတယ်။ သာသနာတော်နဲ့ ကြုံသော်လည်း သာသနာတော်ကိုမကြိုက်တဲ့ အတွက် သာသနာတော်အဆုံးအမအတိုင်း ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သံသရာက လွတ်မြောက်ဖို့ ဝေးနေပါတယ်။ ဒါကြောင့် သံသရာမှလွတ်မြောက်အောင်၊ မလွတ်မြောက်သေးခင်ကြားကာလမှာလည်း ချမ်းသာကြီးပွါးနိုင်ဖို့ရန်အတွက် သဒ္ဓါသမ္ပတ္တိ ဖြစ်နေရပါမယ်။ ၂) သီလသမ္ပဒါ(လူတို့စောင့်ရှောက်ကျင့်သုံးသော ငါးပါးသီလနှင့်ပြည့်စုံခြင်း)။ ။ သီလနဲ့မပြည့်စုံလျှင် ခြေမပါတဲ့သူနဲ့တူတယ်။ ခရီးမတွင် နိုင်ဘူး။ သံသရာအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ဘူးဆိုတာ သိထားရပါမယ်။ သီလဆိုတာက ကိုယ်က ကျင့်မှ ရနိုင်တဲ့ တရားဖြစ် တဲ့အတွက် တခြားသူတွေဆီက တောင်းယူလို့လည်းမရ၊ ငှါးသုံးလို့လည်းမရ၊ ခိုးယူလို့လည်းမရနိုင်ဘူး။ တခြားသူကို အငှါးစောင့်ခိုင်းလို့လည်း မရနိုင်ဘူးလေ။ သီလနဲ့မပြည့်စုံတော့ ဘယ်လေက်ပဲချမ်းသာကြွယ်ဝနေသူဖြစ်ပါစေ ပညာရှိတို့ မချီးမွမ်းဘူး။ ရနံ့ကင်းနေတဲ့ ပေါက်ပွင့်နဲ့တူနေ တယ်။ ပါဏာတိပါတကံကို မစောင့်ထိန်းခဲ့တော့ သက်တမ်းစေ့မနေရဘူး။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲဖြစ်ကြရတယ်။ ဥပဓိရုပ်လည်း မတင့်တယ်တာကြောင့် လူတောမတိုးနိုင်ဘဲ ရှိနေတတ်တယ်။ အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)ကံတွေကို မစောင့်ထိန်းခဲ့တော့ ဘ၀တိုင်း ဆင်းရဲနုံချာ တဲ့ဘ၀ကို ရရှိရတယ်။ သူတစ်ပါးတွေလို ကောင်းကောင်းမစားနိုင်၊ ကောင်းကောင်းမ၀တ်နိုင်၊ ကောင်းကောင်း မသုံးနိုင်တော့ဘူး။ စည်းစိမ်ဥစ္စာ နဲ့ ကြွယ်ဝတဲ့မိဘတွေဆီမှာ လူလာဖြစ်လာသော်လည်း မီးဘေးနဲ့ကြုံလို့ ကိုယ်မွေးလာမှ မိဘတွေ ဆင်းရဲ့သားဘ၀ ပြန်ရောက်ရတယ်။ ကိုယ် ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်လို့ ချမ်းသာကြွယ်ဝလာသော်လည်း အတိတ်ကံက မကောင်းခဲ့တဲ့အတွက် ရန်သူမျိုးငါးပါးကြောင့် ပြန်ဆုံးရှုံးသွား ရတာမျိုးတွေ ကြုံတွေ့ရတတ်တယ်။ ကာမေသုမိစ္ဆာစာရ(သူတစ်ပါးအိမ်ယာပြစ်မှားခြင်း)ကံတွေ ကျူးလွန်ခဲ့မိ တော့ မိန်းမမဟုတ်၊ ယောက်ျား မဟုတ်တဲ့အဖြစ်တွေကိုရကြတယ်။ မိန်းမဘ၀တွေကိုသာ အကြိမ်ကြိမ် ရရှိကြရတယ်။ လင်ကောင်းသားကောင်းမရနိုင်ဘဲ “လင်းဆိုးမယား တဖားဖား”ဆိုသလို ဒုက္ခပင်လယ်ဝေရ တတ်တယ်။ မုသာဝါဒ(လိမ်ညာလှည့်ဖြားခြင်း)ကံတွေကို ကျူးလွန်ခဲ့မိတော့ စကားမပီသ၊ သွားကမညီ၊ လူကြားထဲကျတော့ သိက္ခာရှိရှိမနေနိုင်၊ အသားအရေတွေက ခြောက်ခြောက်ကပ်ကပ်ဖြစ်ရတတ်တယ်။ သုရာမေရယ(သေရည်သေရက်၊ မူးယစ်ဆေးဝါသုံးခြင်း)ကဲတွေကို ကျူးလွန်ခဲ့တော့ အရူးဘ၀၊ ကျပ်မပြည့်တဲ့အဖြစ်၊ စိတ်မငြိမ်ဘဲ ဂယောက်ဂယက်ဖြစ်နေတဲ့ လူ့အဖြစ်တွေကို ရကြရတယ်။ တချို့အရက်သောက်လွန်းသူတွေ စိတ်ဂယောင်ချောက်ချားဖြစ်တာတွေ တွေ့မြင်ကြပါမယ်။ ဒါကြောင့် သံသရာမှာလည်း ဆင်းရဲ၊ နိဗ္ဗာန်နဲ့လည်း ဝေးသထက်ဝေးနေတာမျိုးတွေ မဖြစ်ရအောင် သီလနဲ့ပြည့်စုံအောင် ကျင့်ကြံရမှာပဲဖြစ်တယ်။ ဒါမှ သံသရာမှာလည်း ချမ်းသာကြီးပွါးမယ်၊ နိဗ္ဗာန်ကိုလည်း မျက်မှောင်ပြုနိုင်မှာ ဖြစ်ပါတယ်။ ၃) စာဂသမ္ပဒါ(သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း)။ ။ “ဆုပ်လျှင်ယုတ်၊ ဖြန့်လျှင်မြတ်”ဆိုသလိုပဲ မိမိမှာရှိထားသမျှ စည်းစိမ်ဥစ္စာ တွေကို မပေးရက်၊ မကမ်းရက် ဆုပ်ကိုင်ထားလျှင် သံသရာမှာ ဆင်းရဲကြောင်းလည်းဖြစ်၊ နိဗ္ဗာန်နဲ့မနီးနိုင်တော့ဘူး။ စွန့်ကြဲပေးကမ်းတာဟာ တစ်နည်းအားဖြင့် လောဘကိုသတ်တာပါပဲ။ ဥစ္စာပစ္စည်းတွေအပေါ်မှာ ခင်တွယ်နေတဲ့ တဏှာလောဘတွေမစွန့်နိုင်လျှင်၊ ဒီဥစ္စာပစ္စည်းတွေကို ခင်တွယ်နေလျှင် “လောဘနဲ့သေ ပြိတ္တာပြည်၊ မသွေရောက်တတ်တယ်”ဆိုတဲ့အတိုင်း သေခါနီးမှာ ဥစ္စာပစ္စည်းတွေခင်တွယ်ပြီးသေလို့ ဘေးနားမှာ ပြိတ္တာသွားဖြစ်တာ၊ ဥစ္စာစောင့်ဘ၀တွေ သွားဖြစ်တဲ့အကြောင်းတွေ ဗုဒ္ဓဘာသာအဆုံးအမစကားတွေကို နာကြားမှတ်သား ဖူးကြပါမယ်။ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏”ဆိုတဲ့ အဆုံးအမအတိုင်း ရှာထားတဲ့ဥစ္စာတွေအပေါ်မှာ သူတစ်ပါးတို့ကိုလည်းပေးကမ်းစွန့်ကြဲနိုင်ရပါမယ်။ ဒါမှ သံသရာမှာကျင်လည်နေရဦးမယ်ဆိုလျှင် ချမ်းချမ်းသာသာနေရမယ်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်နိုင်ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရသေ့ဘ၀ ကုဋေ ၁၆၀ ကို နှစ်ဖက်မိဘဘိုးဘွားများက တစ်ဖက် ကုဋေ ၈၀ စီ အမွေတွေ ထားရစ်ခဲ့တယ်။ ဘုရားအလောင်းတော်က စဉ်းစားပါတယ်။ “အဘိုးအဘွား၊ အဖေအမေတွေဟာ ဥစ္စာပစ္စည်းတွေကို ရှာဖွေစုဆောင်းတာကိုသာ လုပ်နိုင်ကြတယ်။ ကိုယ့်နောက်ပါအောင်တော့ မလုပ်နိုင်ကြဘူး။ ငါကတော့ ကိုယ့်နောက်ပါအောင် သယ်ဆောင်သွားမယ်”လို့ တွေးတောပါတယ်။ လိုချင်တာလာရောက်ယူနိုင်ကြောင်း တိုင်းသူပြည်သားအားလုံးကို မောင်းတီးပြီးကြေငြာပါတယ်။ ပေးလို့မကုန်နိုင်တာကြောင့် ယူချင်တဲ့သူယူကြ စေဆိုပြီး ဥစ္စာပစ္စည်းအားလုံးကိုထားခဲ့ကာ ရသေ့ဘောင် အမြန်ဝင်ရောက်ခဲ့ကာ အဲဒီဘ၀မှာ ဘုရားဖြစ်ရန် ဗျာဒိတ်ရရှိခဲ့ပါတယ်။ ပါရမီ ၁၀ ပါးမှာ စာဂ-စွန့်ကြဲပေးကမ်းခြင်းနဲ့ စတင်ဖြည့်ခဲ့ပါတယ်။ သံသရာဘ၀တွေမှာ ဥစ္စာကြွယ်ဝရတာ၊ ချမ်းချမ်းသာသာနေရတာ၊ မရှိဆိုတဲ့စကား မကြားရတဲ့ဘ၀တွေရရှိတာတွေဟာ စာဂသမ္ပဒါနဲ့ ပြည့်စုံမှသာ ရရှိနိုင်တဲ့အကျိုး တရားတွေပဲဖြစ်တယ်။ နောက်ဆုံး နိဗ္ဗာန်အထိ ချမ်းချမ်းသာသာ ပေးဆောင်နိုင် ပါတယ်။ ၄) ပညာသမ္ပဒါ(အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သောအသိပညာနှင့်ပြည့်စုံခြင်း)။ ။ပညာဆိုတာ အမှောင်ထဲမှာ အလင်းရောင်ထွန်းပြီး မမြင်နိုင်တာတွေကို မြင်ရသလို၊ နေမင်းရဲ့အလင်းရောင်ဟာ ကမ္ဘာလောကတစ်ခုလုံးကို ထွန်းလင်းတောက်ပနေသလို၊ မှောက်ထား တဲ့အရာတစ်ခုကို လှန်ပြလိုက်တဲ့အခါ ဘာလဲဆိုတာကို သိမြင်ပြီး သံသယတွေကင်းပျောက်သွားသလို ပညာဟာလည်း အမှားကို အမှားမှန်း သိသွားတဲ့အခါ၊ ယုံမှားသံသယစိတ်အညစ်အကြေးတွေ ကင်းစင်လွင့်ပျောက်ပြီး စိတ်တွေ ကြည်လင်မှု ရရှိသွားတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေကို အာရုံကိုအာရုံမှန်းသိတာကြောင့် ငြိတွယ်မှုမရှိဘဲ တဏှာကင်းတဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်ဖြစ်စေတာလည်း ပညာပဲဖြစ်တယ်။ မဖောက်မပြန် မှန်မှန်ကန်ကန်နဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လိုက်ပြီဆိုရင်တော့ သံသရာမှလွတ်မြောက်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံသွားပါပြီ။ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားတတ်တဲ့ပညာမရှိရင် အမှားကိုလည်း အမှန်ထင်၊ အမှန်တရားကိုလည်း အမှားလို့ မြင်နေတတ်တဲ့ အတွက် မှားပြီးရင်းမှားကာ အ၀ိဇ္ဇာအမှောင်ဖုံးပြီး တဏှာကြောင့် ဘ၀ဒုက္ခတွေ အကြိမ်ကြိမ် အဖန်တလဲလဲကူးပြောင်းနေပြီး ခန္ဓာပြောင်း သေနေရတော့တာပါပဲ။ ဒါကြောင့်မို့ ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။ တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။ (ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)
Print Friendly and PDFPrintPrint Friendly and PDFPDF

ဗုဒ္ဓနေ့ပွဲတော်နှင့် ပါရမီကျင့်စဉ်များ

“ကဆုန်လပြည့် - ဗုဒ္ဓနေ့’’ ပွဲတော်ကို မြန်မာနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ‘’ဗုဒ္ဓနေ့’’ ဆိုသည့်အတိုင်း ဤ’’ကဆုန်လပြည့်နေ့’’သည် ဘုရားအလောင်း ဗျာဒိတ်ခံယူသော နေ့လည်းဖြစ်၏။ ဖွားမြင်သော နေ့ လည်းဖြစ်၏။ သစ္စာဉာဏ်ပွင့်၍ ဘုရားအဖြစ်သို့ရောက်သောနေ့လည်းဖြစ်၏။ ထို့ပြင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်ခဲ့သောနေ့လည်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များနှင့် ဆက်နွယ်နေသော ဤနေ့ကို မမေ့ထိုက်၊ မမေ့သင့်ကြပေ။ ပရိနိဗ္ဗာန်စံဝင်ရလေသော မြတ်ဗုဒ္ဓကို သတိမူ နှလုံးသွင်းလျက် ‘’ဓမ္မသံဝေဂ’’ပွားနိုင်သလို ‘’မြတ်ဗုဒ္ဓအဖြစ်’’သို့ ရောက်အောင် အားထုတ်တော်မူခဲ့ပုံများကိုလည်း အားကျ အတုယူထိုက်လှပေတော့သည်။ “ဒီပင်္ကရာ ဘုရားရှင်’’ကို ပင့်ဖိတ်ထားသဖြင့် ‘’ရမ္မာနေပြည်တော်သား’’တို့သည် လမ်းကို ပြင်နေကြသည်။ ‘သုမေဓာ ရှင်ရသေ့’သည်လည်း အကြောင်းစုံ မေးမြန်း၍ သိရသောအခါ လမ်းပြင်လိုကြောင်း ခွင့်တောင်း လေ၏။ တန်ခိုးရှင်မှန်းသိသဖြင့် ရွှံ့ညွန်ရှိ၍ အပြုအပြင်ခက်သော နေရာကို ပေးလိုက်ကြ၏။ ရှင်ရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျင် လွယ်ကူစွာ ပြီးနိုင်သော်လည်း မိမိကိုယ်ဖြင့် အပင်ပန်းခံ၍ ပြုမှ သာ၍ အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ ဗွက်ကို ဖို့လေ၏။ မပြီးတတ်သေးမီ အချိန် ကလေးမှာပင် ဘုရားရှင်ကြွရောက်တော်မူလာ၏။ ထိုအခါရှင်ရသေ့သည် ဘုရားရှင်၏ ကျက်သရေတော်ကို ဖူးမြှော်ရ၍ လွန်စွာဝမ်းမြောက်လှသဖြင့် မပြီးသေးသော ရွှံ့ညွန် အပြင်ဝယ် ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန္တာအပေါင်းတို့ မိမိကိုယ်ပေါ်၌ နင်း၍ ကြွတော်မူရန် တံတားအသွင်ခင်းလျက် ၀ပ်စင်းနေလေသည်။ ဘုရားရှင်ကို ဖူးမြှော်ကန်တော့ရန် ထွက်လာကြသော အမျိုးသမီးများတွင် ‘သုမိတ္တာ’ ဆိုသည့် အမျိုးသမီး လေးသည် ရှင်ရသေ့ကို မြင်လျင် မြင်ချင်း ရှေးရေစက် မကင်းသည့်အတွက် ထူးခြားသော မေတ္တာစနက်ဖြင့် သွယ်ဆက်မိလေသည်။ ထို့်ကြောင့် မိမိ၌ပါလာသော ကြာပန်းရှစ်စည်းအနက် မိမိပူဇော်ရန် သုံးစည်း ချန်ထား၍ အလောင်းတော်ရသေ့အား ကြာငါးစည်းကို ဆက်ကမ်းလိုက်လေသည်။ ရှင်ရသေ့သည် ကြာပန်းငါးစည်းကို ဘုရားရှင်အား ကပ်လှူ၍ ဘုရားဆု ပန်တော်မူလေသည်။ အမျိုးသမီးငယ်လည်း - ‘’သံသာလေ ကမ်းတိုင် တူပြိုင်လေကူးမယ် ပ ဆုထူးငယ်ပန်ရွယ်သွန်း၊ ချစ်လို့ရယ် မကုန် ၀သုန်ဤမြေ သိကြားစေ သက်သေညွှန်း’’ ဆိုသည့် ‘’ချစ်သမျှကို’’ ပတ်ပျိုး အတိုင်းပင် ရှင်ရသေ့အပေါ် ချစ်စပျိုး ကာ ‘ဘ၀ကြင်ဖော်’အဖြစ် ထာဝရလက်တွဲရန် ‘ချစ်ဆု’ ကို ပန်လိုက်လေသည်။ ဒီပင်္ကရာ ဘုရားရှင်သည် ရသေ့ငယ်၏ ဦးခေါင်းရင်း၌ ရပ်တန့်တော်မူပြီးလျှင် ‘’မိမိကိုယ်ကို တံတားခင်း လျက် ထက်မြက်သော အကျင့်ဖြင့် တင့်တယ်သော ဤရသေ့ကို ကြည့်ရှုကြလော့၊ ဤရသေသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းလွန်သောအခါ ငါဘုရားကဲ့သို့ ဂေါတမဗုဒ္ဓ ဟူသော အမည်ဖြင့် ဘုရားတဆူ ဖြစ်လိမ့်မည်။ ဤရသေ့နှင့်အတူ ကြာပန်းပူဇော်သူ အမျိုးသမီးကား ပါရမီကို ကူညီဖြည့်ဘက် အသက်ပမာ ကြင်ရာတော်ဖြစ်လိမ့်မည်၊’’ ဟု ဘုရားတံဆိပ် ဗျာဒိတ်တော်မြတ်ကို ခပ်နှိပ်တော်မူပြီးလျှင် ကြာပန်း ရှစ်စည်းဖြင့် ရသေ့အပေါ်ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွသွားတော်မူသည်။ ဗျာဒိတ်တော် ပွဲသို့ ရောက်လာကြသူ အားလုံးပင် ရှင်ရသေ့အား ကောင်းချီးပေးကြ၏။ အလောင်းတော် သည် ဗျာဒိတ်ရပြီးနောက် ညွန်ပြောင်းမှ ထတော်မူ၍ လေးလေးနက်နက် စဉ်းစားဆင်ခြင်မိလေသည်။ သတ္တ၀ါအများ ကယ်တင်ဖို့ရာ လွန်စွာမြင့်မြတ်သော ဘုရားအဖြစ်သည် သာမန်ကောင်းမှုပါရမီဖြင့် ပြည့်နိုင် သော အဖြစ်မျိုးမဟုတ်၊ ဘုရားဖြစ်မည် ဆိုရုံမျှဖြင့် ငါသည်ကျေနပ်မနေထိုက်၊ ဤသို့ ဆင်ခြင်ကာ အောက်ပါ ဘုရားဖြစ်ကြောင်း ကောင်းမြတ်သော ပါရမီကျင့်စဉ်ဆယ်ရပ်ကို ဆောင်ရွက်အားထုတ်သွားရန် ချမှတ်လိုက်ပါသည်။ ၁။ ဒါနပါရမီ သတ္တ၀ါအပေါင်းကို ပိုင်နင်း အုပ်စိုး လွှမ်းမိုး ဆုံးမလိုလျှင် စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု၌ အထူးရက်ရောမှ သင့်တော်၏။ ပေးကမ်းမှုသည် မယဉ်ကျေးသူကိုပင် ယဉ်ကျေးစေနိုင်၏။ ရန်သူပင်ဖြစ်သော်လည်း ထိုက် တန်သော ၀တ္ထုကိုပေးလျှင် မိမိအလိုသို့ပါလာတတ်၏။ ပေးကမ်းမှု တခုဖြင့် များစွာသော အကျိုးကို ပြီးစေ နိုင်၏။ အားရ ပါးရ ပေးကမ်းစွန့်ကြဲနေရခြင်းသည် အလွန်ပျော်စရာကောင်း၏။ ပေးသူကလည်း အားရ၊ ရသူကလည်း ရွှင်ပျသဖြင့် ဤဘ၀၌ အရှိန်အ၀ါ သြဇာအာဏာတိုးတက်လျက် ဂုဏ်သတင်း ပျံ့နှံ့ဘို့ အချက်မှာ ပေးကမ်းမှုထက် သာသော အရာမရှိချေ။ အူမတောင့်မှ သီလစောင့်နိုင်သည် ဟု ပြောဆိုရိုးအတိုင်း ဒါနမရှိလျှင် သီလပါရမီကိုလုံခြုံအောင် စောင့်ဘို့ ခဲယဉ်း၏။ ပညာပါရမီ ဖြည့်ဖို့ရာ လုံလောက်သော အထက်တန်းပညာကို ရှာလျှင်လည်း ဒါနချို့ငဲ့ ပစ္စည်းမဲ့ သူမှာ တော်ရာက မျှော်ရှာရသည်။ ပစ္စည်းမရှိလျှင် သူတပါးက ရိုးရိုးသားသား ပြောသည်ကိုပင် အလွဲထင် လျက် မခံချင်တတ်သဖြင့် ခန္တီပါရမီ ဖြည့်ဖို့ရန် အနှောက်အယှက်များလှ၏။ ဥစ္စာမရှိ - ကတိမတည် ဆိုသည့် အတိုင်း ကတိသစ္စာ ခေါ်သော သစ္စာပါရမီ ဖြည့်ဖို့အရေးမှာ သာ၍ ဝေးလေတော့၏။ မိမိက အောက်ကျ နောက်ကျဖြစ်နေပြန်လျှင်လည်း ကိုယ့်ထက်သာ မနာလိုတတ်သည့်အတိုင်း တွေ့သမျှအပေါ်မှာ မေတ္တာ ပါရမီရောက်ဖို့ ခဲယဉ်းပြန်၏။ ထိုကြောင့် ဒါနပါရမီသည် ပါရမီအားလုံး၏ အခြေခံ ဟု ဆိုထိုက်ရကား အလောင်းတော် ရှင်ရသေ့သည် ဖြည့်ကျင့်ဖွယ်အများတွင် ဤဒါနပါရမီကို ပထမမြင်တော်မူသည်။ ၂။ သီလ ပါရမီ မည်သူမဆို ကောင်းသော သုဂတိဘ၀သို့ ရောက်ဖို့်အတွက် သီလကိုသာ အားထားရ၏။ ဒါနအဆောက် အဦက မည်မျှကြီးကျယ်နေသော်လည်း သီလမလုံခြုံလျှင် အပါယ်လေးဘုံက တက်နိုင်ဖွယ် မရှိချေ။ သီလအတွက် ဂတိကောင်းသို့ ရောက်ပြီးမှ ဒါနက စည်းစိမ်ဥစ္စာကို ကြွယ်ဝချမ်းသာစေသည်။ ထို့ကြောင့် မြင့်မြတ်လိုသူမှန်လျှင် ဤသီလပါရမီကိုလည်း အရေးတကြီး အားထုတ်ရမည်ဖြစ်သောကြောင့် ဒါန၏ အခြားမဲ့၌ ‘’သီလပါရမီ’’ကို ဆက်မြင်တော်မူကာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို ကောင်းစွာ စောင့်သုံး လျက် လုံခြုံသော ကိုယ်ကျင့် သီလဖြင့် နေထိုင်ဖို့်ရာ ဆုံးဖြတ်တော်မူသည်။ ၃။ နေက္ခမ္မပါရမီ လောကီအာရုံ ကာမဂုဏ်ထူထပ်သော လူတို့၏ အရပ်၌ အလွန်မြင့်မြတ်သော အထက်တန်းတရားကို မရနိုင်။ ‘’လူသူမခို မြိုင်ညို စိမ့်စမ်း တောတောင်တန်း၌ ပန်းရနံ့ တကြူကြူနှင့် သမာဓိကို မွေးမြူပြီးလျှင်’’ ဖြူစင်သော သီလဖြင့် တကယ်တန်းအားထုတ်မှ အထက်တန်းတရားကို ရနိုင်၏။ ထို့ကြောင့် ‘’နေက္ခမ္မ’’ ဟု တောထွက်မှုကိုလည်း ဂရုတစိုက် ပြုကျင့်ထိုက်သည် ဟု ဆုံးဖြတ်တော်မူသည်။ ၄။ ပညာပါရမီ အသိအလိမ္မာ ပညာဉာဏ်ရှိမှသာ ဒါန သီလ စသော ပါရမီများ၏ အကျိုးကို သိမြင်၍ ဖြည့်ကျင့်လိုသော စိတ်များ ဖြစ်ပေါ်နိုင်ပေမည်။ ‘ပညာရဲရင့် - ပွဲလယ်တင့်’ ဆိုသည့်အတိုင်း တကယ့် ပညာရှိသူတို့အလယ်မှာ တကယ်ပညာရှိသူသာ တင့်တယ်နိုင်သည်။ ဗူးလုံးနားမထွင်း အဖျင်းအ အ၊ ပညာပိုင်းက နောက်ကျနေ လျှင် စည်းစိမ်ရှင်ပင်ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှန်းနိုင်။ ကမ္ဘာကို လွှမ်းမိုးအုပ်စိုးနိုင်သော သတ္တိမှာ ဉာဏ်ပညာသာတည်း။ မြေလျှိုး မိုးပျံနိုင်သော ဈာန်အဘိညာဉ်ဟူသည်လည်း ဤဉာဏ်ပင်ဖြစ်၏။ တသံသရာလုံးက ပါလာသော ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေနိုင်သော တရားဟူသည်လည်း ‘မဂ်ပညာ၊ ဖိုလ်ပညာ’ပင်ဖြစ်၏။ အချုပ်အားဖြင့် ဘုရားအဖြစ်ဟူသည်မှာ သဗ္ဗညုတ ဉာဏ်ပညာတော်ကြီး ပင်ဖြစ်၏။ ထို့ကြောင့် ရှင်ရသေ့ သည် ဤပညာပါရမီကိုလည်း လေးကြိမ်မြောက် မြင်တော်မူ၍ ကောင်းစွာ ဖြည့်ကျင့်ရန် ဆုံးဖြတ်တော်မူပြန် သည်။ ၅။ ၀ီရိယပါရမီ ပညာက မည်မျှလောက်ပင် ရှိနေသော်လည်း လုံ့လ ၀ီရိယ ကင်းမဲ့ပြန်လျှင် စိတ်ကူးနေရုံမျှဖြင့် မည်သည့်အကျိုးကိုမှ ရလိမ့်မည် မဟုတ်ပါ။ ယခင်က ပညာတို့သည် ၀ီရိယ အဖော်ကောင်းမှသာ လိုရာ အကျိုးကို ပြီးစေနိုင်ပါသည်။ အထက်တန်းရောက်သူ ဟူသမျှ ၀ီရိယကင်းသည့် အပျင်းသမား အပြောသမား မဟုတ်ကြချေ။ ထို့ကြောင့် ပညာနှင့်အတူ ၀ီရိယပါရမီကိုလည်း ဖြည့်ကျင့်တော်မူဖို့်ရန် ငါးကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ ၆။ ခန္တီပါရမီ မြင့်မြတ်သော အထက်တန်းကို ရည်မှန်းသော ပုဂ္ဂိုလ်သည် ဆန့်ကျင်ဘက် ရန်သူနှင့် မတွေ့နိုင်ဟု မမှတ် သင့်။ ကိုယ့်ထက်သာလျှင် မနာလိုလေ့ရှိသော ဤသံသရာကြီးထဲဝယ် သာ၍ပင် တွေ့ကြုံတတ်သေး၏ မိမိ၏ ဆန့်ကျင်ဘက်များကို တုပြိုင်နေပြန်လျှင်လည်း ခရီးတွင်မည်မဟုတ်ပါ။ မိမိကို မနာလိုသူ ဟူသမျှ ရန်သူဟု သဘောမထားဘဲ ခန္တီပါရမီပြည့်အောင် တဘက်တလမ်းက ကူညီနေသူဟုသာ သဘောထားလျှင် အလွန်စိတ်သက်သာပါသည်။ ထို့ကြောင့် ခန္တီပါရမီကိုလည်း ဖြည့်ကျင့်ဖို့ရန် ခြောက်ကြိမ်မြောက်ဆုံးဖြတ် တော်မူပြန်သည်။ ၇။ သစ္စာပါရမီ ဤလောက၀ယ် သစ္စာမရှိသူလောက် ကြောက်စရာ ကောင်းသူမရှိပါ။ ‘’လူယုံသတ် - သေတတ်’’ ဟူသော စကားသည် သစ္စာမတည်သူများကို စွဲ၍ဖြစ်လာသောစကားတည်း။ သစ္စာမရှိသူသည် မည့်သည့်အခါမျှ အထက်တန်းသို့ မရောက်နိုင်။ သစ္စာတရားသည် အလွန်အစွမ်းထက်မြက်၏။ ‘’လောင်လာသောမီး၊ တိုးလာသောရေ၊ တက်လာသော အဆိပ်’’ကိုပင် သစ္စာစကားဖြင့် လျောကျစေနိုင်၊ ရပ်တန့်စေနိုင်သည်။ တကယ်မြင့်မြတ်သူမှန်လျှင် ဧကန်သစ္စာရှိထိုက်ရကား သစ္စာပါရမီဖြည့်ရန်ကိုလည်း ခုနစ်ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ ၈။ အဓိဋ္ဌာနပါရမီ မြင့်မြတ်သော အကျိုးကို မျှော်ကိုးသူသည် တော်တော်တန်တန်နှင့် စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်း နှင့် အားထုတ်ရ၏။ ထိုသို့ အားထုတ်မှသာ ထိထိရောက်ရောက်ပြီးမြောက်နိုင်၏။ ထို့ကြောင့် ကုသိုလ် ကောင်းမှု၌ ဇွဲကောင်းဖို့်ရန် အဓိဋ္ဌာန် ပါရမီကိုလည်း ရှစ်ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ ၉။ မေတ္တာပါရမီ မြင့်မြတ်သော အဖြစ်ကို ရလိုပါလျှင် သတ္တ၀ါတိုင်းအပေါ်၌ မေတ္တာကင်းမဲ့၍ မတော်ပါ။ အချို့အပေါ်မှာ အကျိုးလိုလား မေတ္တာပွားလျက် အချို့အတွက်မှာ မေတ္တာကင်းပြီးလျှင် ကွက်တာ ကွက်ကျား မေတ္တာပွားသူကို မြင့်မြတ်သူဟု မဆိုထိုက်ပါ။ ထို့ကြောင့် အားလုံးသော သတ္တ၀ါတို့၏ အကျိုးကို အညီအမျှ လိုလားသော မေတ္တာပါရမီကိုလည်း ကြိုးစား ဖြည့်ကျင့်ဖို့ရန် ကိုးကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ ၁၀။ ဥပေက္ခာပါရမီ မြင့်မြတ်သော တရားထူးကို ကြိုးစား၍ ရှာဖွေသူသည် မိမိကို ဂရုစိုက်ကာ အရေးပါနေသူများ အတွက် နောက်ဆံတင်းလျက် မခွာရက်အောင် ဗျာပါရ များနေ၍လည်းမဖြစ်။ မလိုမုန်းထားသူများကိုလည်း ဂရု တစိုက် အရေးမယူထိုက်။ ပန်းနံ့သာ တင်သ၍ နေသော်လည်းဝမ်းမသာ၊ မစင် ဘင်ပုပ် စွန့်ချသွား သည်ကို လည်း အရေးမကြီးသော မဟာပထ၀ီမြေကြီးကဲ့သို့ မုန်းချစ်မပြုလျစ်လျူ ရှုနိုင်ရပေသည်။ ထို့ကြောင့် ဥပေက္ခာပါရမီကိုလည်း အခါအားလျော်စွာ ဖြင့်ကျင့်ဖို့ရန် ဆယ်ကြိမ်မြောက် ဆုံးဖြတ်တော် မူပြန်သည်။ အလောင်းတော်သည် ဤကောင်းမြတ်သော ပါရမီကျင့်စဉ် ဆယ်ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့လေသော ကြောင့် မဟာသက္ကရာဇ် ၆၈ - ခု၊ ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်၏ အနီးအောက်၌ ‘’ဂေါတမဗုဒ္ဓ’’ အဖြစ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။ မြင့်မြတ်သော ရည်မှန်းချက်ဖြင့် ကောင်းမြတ်သော ပါရမီ ကျင့်စဉ်များ ချမှတ်လျက် ပန်းတိုင်အရောက်ကြွလှမ်းတော်မူခဲ့သော မြတ်ဗုဒ္ဓကို ကြည်ညိုသဒ္ဓါပွါး အားကျ အတုယူစေနိုင်ရန် ‘’ကဆုန်လပြည် - ဗုဒ္ဓနေ့’’ ပွဲတော်ကို ကျင်းပကြခြင်းလည်းဖြစ်ပါသည်။ ပါရမီဟူသည် မြင့်မြတ်သူတို့၏ လုပ်ငန်းကို ခေါ်ပါသည်။ မြင့်မြတ်သူတို့၏ ကျင့်စဉ် ဟုလည်း ခေါ်နိုင်ပါ၏။ မြတ်ဗုဒ္ဓ၏ မြင့်မြတ်သော လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ကြပါရန် ဗုဒ္ဓနေ့ ပွဲတော်တွင် တိုက်တွန်း ပြန်ကြားလိုက်ရပေသတည်း။
Print Friendly and PDFPrintPrint Friendly and PDFPDF